CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် ရက်ချိန်းအား အွန်လိုင်းမှ QR code စနစ်ဖြင့်တင်ကြရာတွင် ရက်ချိန်းပြန်မကျသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်း မလေးရှားတွင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများက CNI သတင်းဌာနသို့ ပြောသည်။

QR ရယူပြီးသူများအတွက် သံရုံးသို့ လာရောက်ရမည့်ရက်ကို မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်ဆီ SMS ပေးပို့ အသိပေးမှာဖြစ်ပြီး သံရုံး၏ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဟု သံရုံးမှ ပြောဆိုထားခြင်းဖြစ်သည်။

သို့သော် ယခုကဲ့သို့ ရက်ချိန်းပြန်မကျသည့်အတွက်ကြောင့် သက်တမ်းကုန်ဆုံးချိန်နီးသည့် မြန်မာနိုင်ငံသားများ အတွက် အခက်အခဲ ပိုဖြစ်စေကြောင်း မလေးရှားတွင် နေထိုင်သည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“ရက်ချိန်းမကျတာက သူတို့လည်း system run နေတယ်ပဲ ပြောတာပေါ့နော်။ ရက်ချိန်းကျမလာတာ ကျနော်တို့ လည်း ဘယ်လိုမှ complain တက်လို့လည်း မရဘူး။ လော‌လောဆယ်က သိတဲ့အတိုင်းပဲ သူတို့လည်း ပွဲစားတွေနဲ့ သွားနေတဲ့လမ်း‌ကြောင်းတွေလည်း ရှိတယ်။ အခု ကိုဗစ်နောက်ပိုင်းကျမှသာ QR တွေရော system တွေရော ရှုပ်ကုန်ပြီးတော့ လုပ်စားတဲ့ပွဲစားတွေက များသွားတာ။ အဲဒီမှာ ပွဲစားတွေနဲ့ပေါင်းပြီးတော့ စာအုပ်ကို ၇၀၀ တွေ ၈၀၀ တွေ(ရင်းဂစ်ငွေ) အခုဆို ပေါက်ဈေးတွေ ၁၇၀၀၊ ၁၈၀၀ တွေနဲ့(မြန်မာငွေ ၈ သိန်းဝန်းကျင်) လုပ်နေတာ အများကြီး‌ပေါ့။ အဲဒါကြောင့် ကျနော်တို့ဘက်က တောင်းဆိုချင်တာကတော့ ဟိုးအရင်တုန်းက system လိုပဲ ဖြစ်ဖြစ်သွားပြီးစနစ်တကျ စာရွက်စာတမ်း အပြည့်အစုံပါတာကို သက်တမ်းတိုးလိုက်တာ အဲဒါကိုပဲ လိုချင်တာ  ပေါ့။ အဲဒါကတော့  တချို့သူဋ္ဌေးတွေကြတော့ စိတ်မရှည်လို့ မြန်မာနိုင်ငံသားကို ပြန်လွှတ်လိုက်တာတွေ ရှိတယ်။ အဲဒီစာအုပ်ကို သက်တမ်းတိုးတာကို စောင့်ရင်းနဲ့မှ သက်တမ်းသေသွားလို့ special pass နဲ့ ယူထားရတာတွေ လည်း ရှိတယ်။ အဲဒီတော့ အဆင်ပြေတဲ့ သူဋ္ဌေးတွေကကြတော့ လုပ်ပေးတာပေါ့။ တချို့သူဋ္ဌေးတွေကြတော့ မင်းတို့နိုင်ငံက ဒီလောက်တောင် ခက်ခဲတယ်ဆိုပြီးတော့ မြန်မာနိုင်ငံကိုပဲ အပြီးပြန်လွှတ်လိုက်တာတွေလည်း အများကြီးကြုံတွေ့ရတယ် အခက်အခဲတွေ” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်လာရောက်လုပ်ကိုင်နေကြသည့် မြန်မာများ

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသည် အွန်လိုင်းမှ QR code စနစ်ဖြင့် ရက်ချိန်းယူရခြင်းကို စက်တင်ဘာ ၄ ရက် နေ့မှ စတင်ကာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

လက်ရှိ အွန်လိုင်းမှ QR ရယူရာတွင် www.mekl.org သို့ ဝင်ရောက်ကာ ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်လိုသည့် ကိစ္စရပ်များအား ဖြည့်သွင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထို့ကြောင့် လက်ရှိ အဆင်မပြေသည့်ကာလ၌ ယခင်အတိုင်း လူကိုယ်တိုင် လာရောက်ပြုလုပ်ရသည့် စနစ်ကို ခေတ္တပြောင်းလဲလုပ်ဆောင်သင့်ကြောင်းလည်း အကြံပြုကြသည်။

QR စနစ်ဖြင့် အွန်လိုင်းမှ ရက်ချိန်းယူရခြင်းသည် အချိန်ကုန် လူပင်ပန်းခြင်းနှင့် ငွေကြေးကုန်ကျမှုကို သက်သာ စေသည့်အတွက် အမှန်တကယ် နည်းစနစ်တကျ ရှိမည်ဆိုပါက ကောင်းမွန်သည့်စနစ်တစ်ခုဖြစ်သည်ဟု မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အမှန်မှန်ကတော့ QR code နဲ့လုပ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် အခုလိုမျိုး ပြန်ပြီးတော့ မကျတာတွေကတော့ အဆင်မပြေဘူးပေါ့နော်။ အဲဒီရက်ချိန်းလေးတစ်ခုတော့ ဒီတစ်ရက်ကို လူဘယ်နှယောက် လက်ခံမယ်ဆို အဲဒါ စိစစ်ပြီးတော့ ရက်တိုင်းမှာ ၁၀ ယောက်ဆို ၁၀ ယောက်၊ အယောက် ၃၀ ဆို အယောက် ၃၀ အဲဒီလိုမျိုး လက်ခံသွားရင်တော့ အရမ်းကောင်းတဲ့အစီအစဉ်ပေါ့။ ဒီအတိုင်းပဲ work in သ‌ဘောမျိုးနဲ့ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ဘာလို့ဆို တစ်ခါတည်း စုပြုံပြီးလာကြမယ်ဆို သူတို့အတွက်လည်း အလုပ်ရှုပ်တယ်။ သံရုံးကလည်း နေရာကျဉ်းတဲ့အနေအထားမျိုးမှာ ရုတ်ရုတ်တွေဖြစ်တာမျိုးတွေလည်း ရှိကောင်းရှိလိမ့်မယ်။ အဲဒီတော့ QR code နဲ့ လုပ်တာကတော့ အကောင်းဆုံးလို့ ကျနော်မြင်တယ်။ သို့ပေမယ့်လည်း ဝန်ဆောင်မှု လုပ်ချင်တဲ့ကလေးတွေ appointment ယူတဲ့အခါမှာ အရေးတယူလုပ်ပေးဖို့တော့ သင့်တာပေါ့။ အခုလိုမျိုး ပြန်မကျဘူးဆိုတာကြီးကတော့ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။

မလေးရှားနိုင်ငံရှိ ဌာနဆိုင်ရာများတွင်လည်း အွန်လိုင်းစနစ်ဖြင့် သွားသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း တစ်စုံတစ်ရာ အမှားအယွင်းနှင့် ကြ့န်ကြာမှုများ မရှိကြောင်း သိရသည်။ 

ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ရက်ချိန်းယူရသည့် QR code စနစ်အား အကောင်အထည်မဖော်ခင် ကာလကတည်းက အမှားအယွင်းနှင့် နှောင့်နှေးကြန့်ကြာမှုများမရှိစေရန် သေချာစမ်းသပ်၍ အလုံးစုံ အဆင်ပြေ ချောမွေ့မှသာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ထောက်ပြကြသည်။