CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂

မလေးရှားတွင် လက်ရှိ UNHCR ဒုက္ခသည်ကဒ် လျှောက်သည့်အခါ၌ မြန်မာနိုင်ငံသားများ ကဒ်ရရှိမှုမှာ အခြား နိုင်ငံသားများထက် နည်းပါးကြောင်း ရခိုင်ဒုက္ခသည်များဗဟို(Center for Arakan Refugees) မှ ညွှန်ကြားရေးမှူး ချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် မလေးရှား၌ အဖမ်းအဆီးများနေသည့် ကာလဖြစ်သဖြင့် UNHCR ဒုက္ခသည်ကဒ် လျှောက် ထားသော မြန်မာများအနေဖြင့် ထိုအချက်အလက်များ မပျောက်အောင် ဂရုစိုက်ပြီး ကိုင်ဆောင်ထားသင့်ကြောင်း ၎င်းက ပြောသည်။

ဦးညီညီလွင်က “နည်းတယ်။ အရမ်းနည်းတယ်။ မရသလောက်ပေါ့။ အဲဒါက မလေးရှားအစိုးရ ရဲ့ ပေါ်လစီနဲ့လည်း ဆိုင်တယ်။ ငါတို့က လူအရမ်းများလာတဲ့အခါ UNHCR ရဲ့ လုပ်ဆောင်နိုင်စွမ်း ပေါ်မှာလည်း မူတည်တယ်။ သူတို့ရဲ့ ငွေကြေး အနေအထား လုပ်ဆောင်တဲ့ အလုပ်သမား staff တွေရဲ့ respond ပေးမှုတွေနဲ့ ဆိုင်တယ်နဲ့ တူတယ်။ အာဏာပိုင်တွေကလည်း တချို့ မကြည်ဖြူတာတွေ ရှိတယ်။ ဒုက္ခသည်တွေ မြန်မာလူမျိုးတွေက မကောင်းဘူးဆို တဲ့ အမြင်က ရှိနေတယ်။ လျှောက်ထားစဉ် ကာလမှာ ချင်းဆိုချင်း၊ ရခိုင်ဆို ရခိုင်၊ ဗမာဆို ဗမာ အဲဒီကဒ်တွေ ကိုင် ဆောင်ထား။ ကိုင်ဆောင်ထားပြီးတော့ အဲဒီကသူတို့ရဲ့ UN လျှောက်ထားတဲ့ စာရွက်ကို print ထုတ်ထားပေါ့။ လျှောက်ထားဆဲပါ ဆိုတာရယ်၊ အဲဒါကိုင်ထားရင် တော်တော်များများ ရဲတွေကတော့ မဖမ်းဘူး။ အဲဒါတွေကို သူတို့ ကြည့်တယ်။ အဲဒီစာရွက်စာတမ်းတွေ မပျောက်ဖို့ လိုတယ်။ community ကဒ်တွေ ကိုင်ထားဖို့ လိုတယ်။ community အလိုက် မှတ်ပုံတင်ကိုလေ အဲလိုကဒ်ပြားတွေ ထုတ်ပေးကြတယ်။ နောက်ပြီး ပြောတတ် ဆိုတတ် ဖို့လည်း လိုတာပေါ့။ အဝတ်အစားတွေ အနေအထိုင် အသွားအလာတွေ ဆင်ခြင်ဖို့လည်း လိုတာပေါ့။ အဲဒါတွေ သတိအရမ်းထားရမယ်” ဟု CNI သို့ ပြောသည်။

 UNHCR ကဒ် ရရှိထားသူ

မလေးရှားနိုင်ငံတွင် ရခိုင်လူမျိုး ၄၀၀၀၀(လေးသောင်း)ကျော် ရှိကြောင်း၊ ထိုထဲတွင် UNHCR တွင် မှတ်ပုံတင် ထားသည့် ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူ ဦးရေမှာ ၆၀၀၀ (ခြောက်ထောင်) ဝန်းကျင်ခန့်သာ ရှိကြောင်း၊ ထိုထဲတွင် အများစုသည် ယခင်နှစ်များကတည်းက UNHCR ဒုက္ခသည်ကဒ် ရရှိထားသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မလေးရှား၌ ဇူလိုင်လမှ စတင်ကာ အဖမ်းအဆီးများ နေသည့်အတွက် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံ သားများထဲ၌ ရခိုင်လူမျိုး ၁၀၀၀ ကျော် ရှိကြောင်း၊ ထိုဖမ်းဆီးခံရသူများတွင် အခက်အခဲများ ရှိကြကြောင်း၊ အဖမ်း မခံရသည့် သူများအနေဖြင့်လည်း အကြောက်တရားများ ရှိနေကြကြောင်း ရခိုင်ဒုက္ခသည်များဗဟိုမှ သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က“သူတို့ အခက်အခဲတွေက အများကြီးပါ။ သူတို့ဟာဖမ်းပြီဆိုတာနဲ့ မိသားစု၊ မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ အဆက်အသွယ် ပြတ်တယ်။ ပြတ်တဲ့အခါကျတော့ မိသားစုတွေကလည်း ဘာသတင်းမှ မရဘူး။ သူတို့ကလည်း ဘာအကူအညီ လိုလဲဆိုတာကို အဆက်အသွယ် မရဘူးပေါ့။ ပထမဆုံးဖမ်းတဲ့ အချိန်မှာ နှစ်ပတ် မပြည့်မချင်းက သူတို့တွေ့ခွင့်မရဘူး။ တွေ့ခွင့်မရတဲ့အတွက် ဘယ်ရဲစခန်း၊ ဘယ်အချုပ်၊ ဘယ်ထောင်မှာ ထားလဲ မသိရတဲ့အတွက် သူတို့ တရားရုံးကို တင်တဲ့ရက်လည်း မသိရဘူး။ တရားရုံးကို တင်မယ့်ရက် မသိရတဲ့ အတွက် ရှေ့နေတွေငှားပြီးတော့ အဖွဲ့အစည်းတွေက မိသားစုတွေက လိုက်လံဖြေရှင်းဖို့ ခက်တယ်။ နောက်ဆုံးမှာ သူတို့က ထောင်ထဲကို ရောက်သွားတဲ့အခါ အဆက်အသွယ်ရတဲ့လူ တချို့ရှိတယ်။ နောက် ထောင်ကနေ လွတ်ပြီး တော့မှ လဝက ထိန်းသိမ်းရေး စခန်းတွေမှာ အဆက်အသွယ်ရတဲ့သူ တစ်ချို့ရှိတယ်”ဟု ပြောသည်။

 မလေးရှားရောက် မြန်မာများ 

လက်ရှိတွင် မလေးရှားနိုင်ငံမှ UNHCR သည် ဒုက္ခသည်ကဒ် လျှောက်ထားခြင်းအား အွန်လိုင်း website မှ တဆင့် လက်ခံနေခြင်းဖြစ်သော်လည်း မလုပ်ဆောင်တတ်သည့်သူ အများအပြား ရှိကြောင်းနှင့် UNHCR အနေဖြင့် လျှောက်ထားသူ တစ်ဦးအား အင်တာဗျူးခေါ်ရာတွင် အချိန်ကြာမြင့်ကြောင်း သိရသည်။

ဒုက္ခသည်ကဒ် လျှောက်ချင်ပါက လူကိုယ်တိုင် သွားရောက် လျှောက်ထား၍မရဘဲ UNHCR Malaysia ဆိုသည့် website တွင် ဝင်ရောက် လျှောက်ထားနိုင်ပြီး ၎င်းတို့ဖြည့်ခိုင်းသည့် အချက်အလက်များအား ပြည့်စုံစွာ ဖြည့်သွင်း ပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။