CNI International News

စင်ကာပူ၊ ဩဂုတ် ၂၂

စင်ကာပူတွင် ကိုလိုနီခေတ်ဟောင်းမှ ဥပဒေကို ဖျက်သိမ်းခြင်းဖြင့် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းကို ရာဇဝတ်မှုမြောက်သော အပြုအမူအဖြစ် မသတ်မှတ်တော့ကြောင်း၊ သို့သော် လိင်တူလက်ထပ်ခြင်းကို ဖွဲ့စည်းပုံ အခြေခံအရ ခွင့်မပြုထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

စင်ကာပူနိုင်ငံသား အများစုသည် ခွဲခြားဆက်ဆံမှုနှင့် စပ်လျဉ်းပြီး နားလည် သဘောပေါက်လာပြီဖြစ်၍ ဥပဒေ ရုပ်သိမ်းခြင်းသည် ယခု လုပ်သင့်လုပ်ထိုက်သည်ဟု မိမိယုံကြည်ကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြား ခဲ့သည်။

“နှစ်ယောက် သဘောတူလို့ အရွယ်ရောက်ပြီးသူ ကြားထဲမှာ လျှို့ဝှက်လိင်ပိုင်းဆိုင်ရာ အပြုအမူကို ဥပဒေနဲ့ မတား မြစ်တော့ပါဘူး။ ဒါတွေကို လူတွေကို တရားစွဲဖို့ မျှတမှု မရှိဘူး။ အဲဒီတော့ ဒီဥပဒေရုပ်သိမ်းလိုက်ရင် လက်ရှိ လူမှုရေးနဲ့အညီ လိုက်လျောညီထွေ ဖြစ်စေပြီး လိင်တူချစ်သူ စင်ကာပူနိုင်ငံသားတွေအတွက် သက်သာရာ ရစေ မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ကိုတွေ့ရစဉ် (AP)

အမျိုးသားနေ့ နှစ်ပတ်လည် ချီတက်ပွဲ အခမ်းအနား မိန့်ခွန်း၌ လီရှန်လွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဥပဒေရုပ်သိမ်းမှုမှာ အကန့်အသတ် ရှိမည်ဖြစ်ပြီး စင်ကာပူ၏ မိသားစု ရိုးရာဓလေ့များနှင့် လူ့အသိုင်း အဝိုင်း အလိုက် နေထိုင်မှု စံနှုန်းများအရ အိမ်ထောင်ပြုပုံ၊ ကျောင်းများတွင် ကလေးများကို သင်ကြားပို့ချပုံ၊ အများ ပြည်သူ အကျင့်စာရိတ္တ စောင့်ထိန်းမှု အပါအဝင် လူမှုရေးဆိုင်ရာ စံနှုန်းများကို ထိခိုက်စေမည် မဟုတ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။

လိင်တူ လက်ထပ်ခြင်းကို ခွင့်ပြုရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှု မရှိစေရေးအတွက် အစိုးရက ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ပုဒ်မ ၃၇၇ (က) ကို ကျနော်တို့ ရုပ်သိမ်းလိုက်တဲ့တိုင်အောင် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ စံနှုန်းတွေကို လူမှု အသိုင်းအဝိုင်းထဲမှာ အကာအကွယ်ပေးမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ ပြင်ဆင်ရမယ်။ အဲဒါမှ ဒီပုဒ်မ ရုပ်သိမ်းဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု လီရှန်လွန်းက ရှင်းပြသည်။


ရာဇသတ်ကြီးပုဒ်မ ၃၇၇ (က) သည် ၁၉၃၀ ပြည့်လွန်နှစ်များတွင် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး စနစ်အောက်၌ စတင်အသက်ဝင်ခဲ့သည်။

ပန်းရောင်အစက် (Pink Dot) လှုပ်ရှားမှု (AP)

စင်ကာပူသည် မလေးရှား၏ ပြည်နယ်တစ်ခုအဖြစ် ရပ်တည်လာချိန် ၁၉၆၃ ခုနှစ်တွင် ကိုလိုနီအုပ်ချုပ်ရေးမှာ အဆုံးသတ် သွားခဲ့သည်။

နောက်ထပ် နှစ်နှစ်အကြာ စင်ကာပူသည် သီးခြားလွတ်လပ်သည့်နိုင်ငံ ဖြစ်လာသော်လည်း အမျိုးသားများအကြား လိင်တူဆက်ဆံမှုသည် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေ ပြဋ္ဌာန်းချက်အဖြစ် ဆက်လက် တည်ရှိခဲ့သည်။

ပုဒ်မ ၃၇၇ (က) ကို ဖျက်သိမ်းရန်အတွက် စင်ကာပူလွှတ်တော်တွင် ၂၀၀၇ ခုနှစ်မှစတင်၍ အချေအတင် ဆွေးနွေး ခဲ့ကြသည်။

သို့သော် ခွဲခြားဆက်ဆံခြင်း ခံနေရဆဲဖြစ်ကြောင်း စင်ကာပူရှိ လိင်တူချစ်သူများက စောဒကတက်ခဲ့ကြသည်။

လိင်တူချစ်သူ (LGBTQ) အသိုင်းအဝိုင်းကို အားပေးကူညီရန်အတွက် ပန်းရောင်အစက် (Pink Dot) ဟု လှုပ်ရှားမှု တစ်ခုကို စင်ကာပူတွင် နှစ်စဉ်ပြုလုပ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။

Source: AP