CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

မလေးရှားနိုင်ငံတွင် UNHCR ၌ ဒုက္ခသည်ကတ် လျှောက်ထားသည့် ရခိုင်လူမျိုး ၅၀၀၀ ကျော်ရှိသည့်အနက် ၂၀ ဝန်းကျင်သာ ဒုက္ခသည်ကတ် ရရှိသေးကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။

အဆိုပါ ရခိုင်လူမျိုး ၅၀၀၀ ကျော်အား ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ UNHCR ဒုက္ခသည်ကတ် လျှောက်ထား ပေးခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် မိန့်သည်။

ဆရာတော် ဦးဥတ္တရက “UNHCR ဆီမှာ တကယ် ဒုက္ခဖြစ်တဲ့လူတွေ အများကြီးပါ။ ဦးဇင်းတို့ Center For Arakan Refugees မှာတောင် တကယ့်ကို ဒုက္ခ အခက်အခဲ အများကြီး။ တချို့လူတွေဟာ စားစရာမဲ့ သောက်စရာမရှိ၊ နေစရာမရှိတဲ့လူတွေ တစ်ပုံကြီး ရှိပါတယ်။ ဦးဇင်းတို့ စင်တာမှာတောင် လူပေါင်းက အခု စာရင်း ကောက်ထား တာမှာ ၅၀၀၀ ကျော် ၆၀၀၀ နီးပါးရှိသွားပြီ။ UNHCR ဆီမှာ အင်တာနက် ကနေပြီးတော့ လျှောက်ပေးတယ်။ ဦးဇင်းတို့ကနေပြီးတော့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်ကတ် ထုတ်ပေးတယ်။ ဦးဇင်းတို့ community ကတ် ထုတ် ပေးလိုက်တယ်၊ ဟိုဘက်ကနေ UN လျှောက်ပေးလိုက်တယ်။ အဲဒီအထဲမှာ တကယ့်တကယ် အခက်အခဲ အမှန်ကျ နေတဲ့လူတွေ အများကြီးပါတယ်။ ဦးဇင်းတို့ အခုတင်ထားတာ ၂ လကျော်ပြီ။ ဦးဇင်းတို့ တင်ထားတာထဲမှာ ကြိုကြားကြိုကြားဆို အကုန်လုံး လူပေါင်း ၂၀ လောက်တော့ ရတယ်။ အရမ်းနည်းတယ်။ အခုက တွေ့ရသ လောက် ကတော့ UNHCR ဆီမှာ အခွင့်အရေး ရတာကတော့ အကူအညီရတယ်လို့ ပြောရမလားပေါ့။ မွတ်ဆလင် အုပ်စု၊ တခြားတခြားသော တိုင်းရင်းသား အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေပဲ ရတာတွေ့တယ်။ များသောအား ဖြင့်ကတော့ ဦးဇင်းတို့ဆီမှာ အကူအညီ မရတာတွေ များနေတယ်။ တွေ့တာကတော့ UN ရုံးကို ရောက်သွားလို့ရှိ ရင် မွတ်ဆလင် အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ ချင်းတိုင်းရင်းသားတွေ ရတာတော့တွေ့တယ်။ နောက် တိုင်းရင်းသားတွေကတော့ မြန်မာဒုက္ခသည်ကတ် ကြိုကြားကြိုကြားတော့ ရကြတာတွေ့တယ်” ဟု မိန့်သည်။

UNHCR ဒုက္ခသည်ကတ်များကိုတွေ့ရစဉ် 

ဒုက္ခသည်အဖြစ် ခံယူရန် စောင့်ဆိုင်းနေသည့် ရခိုင်တိုင်းရင်းသားများ အလုပ်အဆင်မပြေခြင်း၊ အလုပ် မရရှိခြင်းများ ရှိပါက ရခိုင်ဒုက္ခသည်များဗဟို (CAR) မှ အလုပ်ရှာပေးခြင်းအပြင် ဆေးရုံ၊ ဆေးခန်းများသို့ လိုက်၍ အကူ အညီ ပေးမှုများအား ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဒုက္ခသည်အဖြစ် ခံယူရန် စောင့်ဆိုင်းနေသည့် အခြား တိုင်းရင်းသား လူမျိုးများသည်လည်း ၎င်းတို့နှင့် သက်ဆိုင်သည့် တိုင်းရင်းသား၊ လူမျိုးစု အဖွဲ့အစည်းများမှနေ၍ ကူညီဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာများထဲ၌ လူမျိုးပေါင်းစုံရှိပြီး ထိုသူအားလုံး ဒုက္ခရောက်နေ ကြခြင်းဖြစ်သည့်အတွက် UNHCR အနေဖြင့် ဒုက္ခသည်ကတ် ထုတ်ပေးခြင်း အပါအဝင် အကူအညီ ပေးခြင်းများ အား မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆရာတော် ဦးဥတ္တရက ဆက်လက် မိန့်ကြားသည်။

၎င်းက “UNHCR အနေနဲ့ မျှမျှတတပေါ့နော်။ မွတ်ဆလင် ဒုက္ခသည်တွေပဲ ဒုက္ခဖြစ်တာလားဆိုတော့ မဟုတ်ဘူး။ ချင်းတွေသာ ဒုက္ခဖြစ်တာလား ဆိုတော့လည်း မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံ ဒုက္ခဖြစ်နေတဲ့ အချိန်မှာ အကုန် လုံး တိုင်းရင်းသားရေးရာ Community အဖွဲ့အစည်း အကုန်လုံးတွေကို မျှမျှတတနဲ့ ဒုက္ခသည်ကတ်ကို ထုတ်ပေး ထားဖို့လိုတယ်။ ကူညီပေးဖို့လိုတယ်။ မလေးရှား UN ရဲ့ ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ UNHCR ဆီ အနေနဲ့ အကုန်လုံးကို မျှမျှတတနဲ့ ကိုင်တွယ်ပြီးတော့ အကုန်လုံးကို စီစဉ် ဆောင်ရွက် ပေးစေလိုတယ်၊ အကူအညီ ပေးစေလိုတယ်”ဟု မိန့်သည်။

မလေးရှားအစိုးရနှင့် UNHCR တို့သည် လက်ရှိတွင် ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြ ကာ ဒုက္ခသည်အဖြစ် ခံယူမည့် လူဦးရေမှာ များပြားသဖြင့် မလေးရှား အစိုးရဘက်မှ စဉ်းစားစရာဖြစ်နေကြောင်း၊ UN ဘက်မှ ကြည့်ပါကလည်း ဒုက္ခသည်များအား ပစ်ပယ်ထားရန်မှာ မဖြစ်နိုင်သည့်အတွက် ညှိနှိုင်းဆွေးနွေးနေကြကြောင်း သိရသည်။

UNHCR ဒုက္ခသည်ကတ် လျှောက်ထားရန် ကူညီပေးနေခြင်း

မလေးရှားနိုင်ငံတွင် အထောက်အထား မရှိသူဖြစ်ပါက အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးသင် ကြားရေးတို့တွင် နစ်နာမှုများရှိကြောင်း ARRC မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “UN နဲ့ မလေးရှားအစိုးရနဲ့ ညှိနှိုင်းမှု အပိုင်းတွေကို မြန်မြန်ဆန်ဆန်လေး အဆင်ပြေစေချင်တယ်ပေါ့။ ဘာလို့ဆို မြန်မာပြည်ရဲ့ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ဆိုးလာတယ်။ မလေးရှားမှာ ကျနော်တို့ ခိုကိုးရာက UN ပဲ ရှိတယ်လေ။ UNHCR ရဲ့ မလေးရှားအစိုးရအပေါ် ချဉ်းကပ်မှုအပိုင်းကို မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေ စေချင်တယ်ပေါ့။ UN ကကျတော့ သနားမှုအပိုင်းနဲ့ လူ့အခွင့်အရေးအပိုင်းနဲ့ဆို သူက လက်ခံပြီးသား။ ဒါပေမယ့် ဒီနိုင်ငံကြီးကို သူပိုင်တာမဟုတ်ဘူးလေ။ ဒီနိုင်ငံကြီးကို ဒီနိုင်ငံသားတွေပဲ ဒီနိုင်ငံရဲ့ အစိုးရပဲ ပိုင်တယ်ဆို တော့ ဒီနိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ သူက တချို့ဟာတွေက များစွာသော အကြောင်းအရာတွေက လုပ်လို့ မရ ဘူး။ လုပ်လို့မရဘူးဆိုတော့ သူက အစိုးရကို အများကြီး ချဉ်းကပ်ပြီးတော့ ညှိနှိုင်းရတယ်။ သူတို့ရဲ့ ညှိနှိုင်းမှု ရလဒ် အပေါ်မှာပဲ ကျနော်တို့က အကျိုးခံစားခွင့် ရှိမှာလေ။ ကျနော်တို့အတွက် လုံခြုံမှုတွေရှိမယ်။ အဲဒီတော့ ညှိနှိုင်းမှု မြန်မြန်ဆန်ဆန်လေး အဆင်ပြေစေချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံမှ UNHCR ရုံးသည် ဒုက္ခသည်ကတ် လျှောက်ထားခြင်းအား အွန်လိုင်း website မှ တဆင့် လက်ခံနေကြောင်း၊ သို့သော်လည်း မလုပ်ဆောင်တတ်သည့်သူ အများအပြား ရှိနေကြောင်း၊ ဒုက္ခသည် ကတ် လျှောက်ချင်ပါက လူကိုယ်တိုင် သွားရောက် လျှောက်ထား၍မရဘဲ UNHCR Malaysia ဆိုသည့် website တွင် ဝင်ရောက် လျှောက်ထားနိုင်ပြီး ၎င်းတို့ဖြည့်ခိုင်းသည့် အချက်အလက်များအား ပြည့်စုံစွာ ဖြည့်သွင်းပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။