CNI News

၂၀၂၂ ခုနှစ်၊ ဇွန် ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး အသတ်ခံရမှုမှာ တိုင်းပြည်ပုံရိပ် ကို ထိခိုက်စေသည်ဟု မြန်မာနိုင်ငံရေးသမားများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက် ညနေပိုင်းက WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ်သည် ဆိုင်ကယ်နှင့် အိမ်ပြန်လာချိန်မှာ လုပ်ကြံ ပစ်သတ်ခံခဲ့ရသည်။

WHO ဝန်ထမ်းလုပ်ကြံသတ်ဖြတ်ခံရမှုမှာ တိုင်းပြည်အတွက် ပုံရိပ်မကောင်းကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနကို ပြောသည်။

ဒေါက်တာ ညိုညိုသင်းက “ဒါကတော့ ကိုယ့်တိုင်းပြည်အတွက်ကတော့ မကောင်းဘူးပေါ့၊ ကိုယ့်တိုင်းပြည်အတွက် Image ကတော့ မကောင်းဘူးပေါ့၊ ဘာပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဒီလိုလက်နက်မဲ့တဲ့ အရပ်သားတွေ အပေါ်မှာ ဒီလိုအကြမ်းဖက်တာ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဒါကတော့ မကောင်းဘူးပေါ့။ မတော်တဆ ဖြစ်တယ်ဆိုလည်း တစ်မျိုးပေါ့နော်၊ တမင်တကာ လုပ်ကြံတယ်တာမျိုး ဆိုရင်‌တော့ မကောင်းဘူးပေါ့” ဟု ပြောသည်။

ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း WHO မှ ထုတ်ပြန်ခဲ့သည်

မော်လမြိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)က ဦးမျိုးမင်းထွဋ်သည် စစ်သတင်းပေး ဖြစ်သည့်အတွက် လုပ်ကြံ သတ်ဖြတ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက် သတ်ဖြတ်ခံရ

ဦးမျိုးမင်းထွဋ် သတ်ဖြတ် ခံရခြင်းအပေါ် WHO၊ ကုလသမဂ္ဂ တာဝန်ရှိသူများက ပြစ်တင်ရှုတ်ချခဲ့ပြီး မိသားစုနှင့် အတူ ဝမ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ်ကို PDF က သတ်ဖြတ်သွားခြင်းဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NU G)တွင် တစ်စုံတစ်ရာ တာဝန်ရှိကြောင်း ထောက်ပြနေကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထိုကိစ္စသည် NUG နှင့် တိုက်ရိုက် ပတ်သက်စရာမရှိကြောင်း၊ ညွှန်ကြားမှုများလည်း လုပ်မှာမဟုတ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “WHO တို့ နိုင်ငံတကာ အဖွဲ့အစည်း ဝန်ထမ်းတစ်ယောက် အသတ်ခံရတယ်ဆိုတဲ့ ကိစ္စတော့ ဒါနိုင်ငံတကာအနေနဲ့ ကြည့်ရင်တော့ ဒါမကောင်းတဲ့ ကိစ္စပေါ့ဗျာ၊ ဒါပေမဲ့ PDF တွေကလည်း စည်းလွတ်၊ ဝါးလွတ် သတိလက်လွတ် သူတို့ အရေးယူတဲ့ ပုံမဟုတ်ပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သူတို့က ဒီလူဘာတွေ လုပ်ခဲ့ တယ်၊ ဘယ်သူနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စတွေက NUG နဲ့လည်း တိုက်ရိုက် ပတ်သက်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ NUG က အဲဒီလို အောက်ခြေက လုပ်တာကိုင်တာ အားလုံးကို အသေးစိတ် အနေနဲ့ သူတို့ အနေနဲ့ သိမှာလည်း မဟုတ်ဘူး။ အဲဒီအပေါ်မှာ ညွှန်ကြားမှာလည်း မဟုတ်ပါဘူး။ သို့သော်ငြားလည်း ဒေသဆိုင်ရာက PDF တွေက အခြေအနေ ပိုပြီးနားလည်လို့ ဖြေရှင်းရမယ်လို့ ယူဆပြီး ဖြေရှင်းတာကို သူတို့ ရှင်းပြထားတာ ကျနော်လည်း နားထောင်နေပါတယ်။ အဲဒါကြောင့် NUG နဲ့ တိုက်ရိုက်အားဖြင့် မသက်ဆိုင်ဘူး။ NUG မှာ တာဝန်မရှိဘူးလို့ ကျနော့် အနေနဲ့တော့ မြင်ပါတယ်ခင်ဗျ။ ဒါမျိုးက ဗမာပြည်မှာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဒါကတော့ ဖြစ်တတ် ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြကြောင်း၊ အဆိုပါ တော်လှန်ရေးအတွင်းမှာ မြန်မာနိုင်ငံသား တချို့ လုပ်ကြံသတ်ဖြတ် ခံနေကြရသည်။