CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉
အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ရွေးကောက်ပွဲ ကျင်းပ၍ ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်လာနိုင်သည်ဟု ပြောနေသည့်တိုင် မြန်မာနိုင်ငံက ညွန့်ပေါင်းစနစ်ဖြင့် အလုပ်ဖြစ်နိုင်လားဆိုသည်ကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ငြင်းခုံရဦးမည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သုံးသပ်နေကြသည်။
PR စနစ် ကျင့်သုံးရုံဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းခြင်းမှာ လွယ်ကူသည်ဟု ပြော၍ မရသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။
ဦးစိုင်းလိတ်က "PR စနစ်လုပ်ရုံနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ရတာ လွယ်တယ် ခက်တယ်ဆိုတာ ချက်ချင်းပြောလို့ မရ ဘူးဗျ၊ သူတို့ ကျင့်သုံးမယ့် PR က ဘယ်လို PR စနစ်မျိုးလည်းဆိုတာ အတိအကျသိဖို့ လိုအပ်တယ်ပေါ့နော်၊ နောက် ညွန့်ပေါင်းအစိုးရ ဖွဲ့တယ်ဆိုတာကလည်း နိုင်ငံရေးအရ ခံယူချက်ချင်း တူရင်တော့ ပေါင်းလို့ရတာကိုး၊ ဆို တော့ ဒီမိုကရက်တစ် အင်အားစု အချင်းချင်း ပေါင်းလို့ရအောင် လုပ်ထားတဲ့ အနေအထားလား ဒါမှမဟုတ် ဒီမိုကရက်တစ် အင်အားစုတွေ လှုပ်ရှားလို့မရအောင် လုပ်ထားတဲ့ အနေအထားလားဆိုတာလည်း သုံးသပ်ဖို့လိုပါ တယ်၊ ညွန့်ပေါင်းစနစ်ဆိုတာက ဒီမိုကရေစီ အင်အားစုအချင်းချင်း ပေါင်းလို့ရတဲ့ ညွန့်ပေါင်းစနစ်မျိုး ဆိုရင်လည်း ကောင်းတာပေါ့၊ အဲဒီလိုမဟုတ်ဘဲနဲ့ အာဏာရလိုမှု တစ်ခုတည်းနဲ့ အနိုင်ရရင်ပြီးရော လုပ်ပြီးတော့မှ တရားမျှတ သည် ဖြစ်စေ၊ မမျှတသည်ဖြစ်စေ၊ ပေါင်းလို့ရရင်ပြီးရော ဆိုပြီးလုပ်တဲ့ စနစ်မျိုး ဆိုလို့ရှိရင်တော့ ဒါဘယ်သူ့ အတွက်မှ အကျိုးရှိတဲ့ ညွန့်ပေါင်းစနစ်မျိုး မဟုတ်နိုင်ဘူးလို့ ကျနော် ဒီလိုပဲ မြင်တယ်ဗျ" ဟု ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်အတွင်း PR စနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြောကြားထားသည်။
အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု(NDF)တွင် ပါ၀င်ကြသော တိုင်းရင်းသားများအလံကိုတွေ့ရစဉ် (GETTY IMAGES)
ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ပါက ပါတီတစ်ခုတည်းက ထင်ရာစိုင်း၍ မရတော့ကြောင်း၊ မြန်မာပြည်တွင် လူမျိုးပေါင်းစုံ ရှိသည့်အတွက် ညွန့်ပေါင်းစနစ်က ပိုသင့်လျော်သည်ဟု ယူဆကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က "ညွန့်ပေါင်းရဲ့ မတူကွဲပြားတဲ့ အယူအဆလေးတွေနဲ့ နိုင်ငံကို တည်ဆောက်ကြမှာ ဖြစ်တဲ့ အခါကြတော့ တစ်မျိုးတော့ ကောင်းတာပေါ့၊ ဘာလို့လဲဆိုရင် မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ ရှိတာမို့လို့ ညွန့်ပေါင်း နဲ့ပဲ ပိုပြီး လျော်ညီတယ်လို့ ထင်တယ်၊ တခြားနိုင်ငံတွေလို ကမ္ဘောဒီးယားဆိုရင် ကမ္ဘောဒီးယားလူမျိုး တစ်မျိုးထဲပဲ ရှိတာ၊ ဂျပန်ကလည်း ဂျပန်လူမျိုး တစ်မျိုးထဲပဲရှိတာကို၊ ကျနော်တို့ နိုင်ငံမှာ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံရှိတဲ့ အခါကြတော့ မတူကွဲပြားတဲ့ အယူအဆရှိတဲ့ ပါတီတွေ သူ့ပါတီရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်ပေးတဲ့ အစိုးရ အဖွဲ့ဝင်တွေ ပါလာရင် ပိုကောင်းတာပေါ့၊ ကတ်ဘိနက်မှာ ငြင်းကြပြုကြတဲ့ အခါတောင်မှ သူ့ဒေသ၊ ကိုယ့် ဒေသလည်း ဘတ်ဂျက်ခွဲဝေမှုက အစပေါ့ဗျာ၊ နိုင်ငံရေး၊ စစ်ရေးအထိပေါ့၊ တည်ငြိမ်အေးချမ်းအောင် ပိုပြီး စွမ်းဆောင်နိုင်မယ်ထင်တယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့် အတူ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဒီမိုကရေစီအရေး တောင်းဆိုကြသူများမှ ဆင်နွှဲလျက်ရှိသည်။
ဒီမိုကရေစီအရေးတောင်းဆိုနေကြခြင်း (GETTY IMAGES)
လက်ရှိအချိန်တွင် အစိုးရဖွဲ့စည်းရေးကိစ္စများ လုပ်ဆောင်ရမည့် အချိန်မဟုတ်သေးကြောင်း၊ တော်လှန်ရေးကာလ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "အဲဒါတွေ စဉ်းစားရမဲ့ အချိန်မဟုတ်ပါဘူးဗျာ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သူပြုတ်ကိုယ်ပြုတ်၊ သူပြတ်ကိုယ်ပြတ် တိုက်ကြမယ့် ခေတ်ပါ၊ ခင်ဗျား ညွန့်ပေါင်းအစိုးရတို့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ဟာတွေက အဲဒါတွေက စဉ်းစား ရမယ့် အချိန်တွေလည်း မဟုတ်ပါဘူး။ လိုလည်းမလိုပါဘူး။ တစ်ဖက်ဖက်က အနိုင်ရဖို့၊ အသာစီးရဖို့၊ ပြတ်ပြတ် သားသားနိုင်ဖို့ ကျနော်တို့ လုံးပမ်းရမယ့် အချိန်ဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိနေကြောင်း ဌာနဆိုင်ရာများ၏ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကနေ တဆင့် ပေါ်ပေါက်လာသော အစိုးရဖွဲ့စည်းမှုများတွင် အနိုင်ရသည့် ပါတီတစ်ခုတည်းကသာ အစိုးရဖွဲ့စည်းကာ အုပ်ချုပ်ခဲ့ လွှတ်တော်တွင်းနှင့် အစိုးရအဖွဲ့အစည်းအတွင်း လွှမ်းမိုး ချုပ်ကိုင်ခဲ့ကြသည်။
ထို့ကြောင့် လူနည်းစု တိုင်းရင်းသားများက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် တောင်းဆိုမှုများ ရှိခဲ့သည်။