CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် H.E.Mr. Deng Xijun နှင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်)တွင် နေပြည်တော်မှာ တွေ့ဆုံ ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှု၊ နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှု စသည်တို့ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တရုတ်နိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက် ကူညီဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နေမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင်ရေး စသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Mr. Deng Xijun သည် မစ္စတာ ဆွန်ကော်ရှန်း၏ နေရာကို အစားထိုး တာဝန်ထမ်းဆောင်သွားမည့်သူ ဖြစ်သည်။

ထို့ကြောင့် အာရှရေးရာအထူးကိုယ်စားလှယ်သည် Mr. Deng Xijun လက်နက်ကိုင်အဖွဲ့များ အပါအဝင် စစ်တပ်၊ အစိုးရ ကိုယ်စားလှယ်များဖြင့် ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။

Mr. Deng Xijun သည် ၁၉၈၅ ခုနှစ်က စစ်သံမှူးအဖြစ် ရောက်ရှိခဲ့ဖူးသည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ အရှေ့တောင်အာရှနှင့် တောင်အာရှတွင် အလှည့်ကျ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်တွင် အာဖဂန်နစ္စတန်ရေးရာ အထူးကိုယ်စားလှယ်ဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မှ ၂၀၂၂ ခုနှစ်အထိ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။