CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၈

အိန္ဒိယဘက်မှ ဝေဖန်သံများ ကျယ်လောင်လာသဖြင့် ပါကစ္စတန်သို့ အမေရိကန် စစ်လက်နက်များ ရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ခုခံကာကွယ်ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

ဝါရှင်တန်နှင့် အစ္စလမ္မာဘတ်တို့အကြား အမေရိကန်ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ F-16 တိုက်လေယာဉ် ရောင်းချ ပေးရေး သဘောတူညီချက်ကို အိန္ဒိယက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ဘလင်ကင်က “ယခုလအစောပိုင်း အတည်ပြုခဲ့သည့် စစ်ရေးအသုံးအဆောင်များ ရောင်းချမှုမှာ ပါကစ္စတန်၏ ရှိနှင့်ပြီးသား တိုက်လေယာဉ်အုပ်စု ပြုပြင်ထိန်းသိမ်းရေး အတွက်သာ ဖြစ်ကြောင်း” ကာကွယ်ပြောကြားခဲ့သည်။

“အခု ရောင်းပေးလိုက်တာတွေက လေယာဉ်အသစ်၊ စနစ်သစ်၊ လက်နက်အသစ်အဆန်းတွေ မဟုတ်ပါဘူး။ သူတို့ မှာ ရှိပြီးသား အသုံးအဆောင်တွေကို ထိန်းသိမ်းမွမ်းမံပေးဖို့ပါ” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘာရာမန်ယန် ဂျိုင်ရှန်ကာနှင့်တွေ့ဆုံစဉ် ဘလင်ကင်က ပြောကြားခဲ့သည်။

“ပါကစ္စတန်ရဲ့ အစီအစဉ်ဟာ ဒေသတွင်းမှ ထွက်ပေါ်လာတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းကို အားကောင်းစေပါတယ်။ ဒီခြိမ်းခြောက်မှုတွေက လွတ်ဖို့နဲ့ ရှေ့ဆက် တိုးချဲ့ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူ့အကျိုးစီးပွားမှ မပါပါဘူး” ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

ဘလင်ကင်သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်ဘူတိုဇာဒါရီနှင့် သီးခြားတွေ့ဆုံပြီး နောက်တစ်ရက် အကြာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာနှင့် ဆက်လက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုမှာ အိန္ဒိယနဲ့အတူ တာဝန်သိသိ ဆက်ဆံရေးကို စီမံခန့်ခွဲခြင်းရဲ့ အရေးပါမှု အလေး ပေး ဆွေးနွေးခဲ့ကြပါတယ်” ဟု ဘလင်ကင်က စက်တင်ဘာ ၂၆ ရက် တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုတော့ ထည့်သွင်း ပြောကြားခြင်းမရှိပါ။

နိုင်ငံများအကြား တင်းမာမှု အမျိုးမျိုးရှိသော်လည်း အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံစလုံးသည် ဆယ်စုနှစ် ပေါင်း များစွာ အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေးကို ထိန်ထားခဲ့ကြသည်။

“အိန္ဒိယနဲ့ ကျနော်တို့ ဆက်ဆံရေးဟာ သူ့နည်းသူ့ဟန်သူ ရှိနေပါတယ်။ အလားတူ ပါကစ္စတန်နဲ့ ကျနော်တို့ ဆက်ဆံရေးကလည်း သူ့နည်းသူ့ဟန်နဲ့ ရပ်တည်နေတာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ပြောကြားခဲ့သည်။

Source: Aljazeera