CNI International News

နယူးဒေလီ၊ အောက်တိုဘာ ၉

အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီ (Amir Khan Muttaqi ) သည် ယခုလအတွင်း အိန္ဒိယသို့ သွားရောက်ရန် စီစဉ်ထားသည့်အတွက် ထိုခရီးစဉ်သည် အမေရိကန်၊ တရုတ်နှင့် ပါကစ္စတန်တို့ကို အရိပ်လက္ခဏာများ ပြသရာရောက်လာလိမ့်မည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မွတ်တာကီအပေါ် ခရီးသွားလာမှု ပိတ်ပင်ချက်ကို ယာယီရုပ်သိမ်းပေးခဲ့ပြီး နောက် ၎င်း၏ အိန္ဒိယခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယသည် တာလီဘန်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများကို တဖြည်းဖြည်း တိုးမြှင့်နေချိန်တွင် အိန္ဒိယ၏ ဒေသ တွင်း ပြိုင်ဘက်များဖြစ်သည့် တရုတ်နှင့် ပါကစ္စတန်တို့ကလည်း ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုများအား မြင့်တက်စေ ရန် ကြိုးပမ်းလျက်ရှိသည်။

မွတ်တာကီ၏ အိန္ဒိယခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ ကောင်စစ်ဝန် လုပ်ငန်းစဉ် များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အိန္ဒိယသည် အာဖဂန်၌ တာလီဘန်တို့ အာဏာပြန်ရလာခဲ့ချိန်ကတည်းက အာဖဂန်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းသဘော မစ်ရှင်တစ်ရပ်ကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

အမေရိကန်အတွက်မူ မွတ်တာကီ၏ ခရီးစဉ်သည် တာလီဘန်အစိုးရနှင့် ဒေသတွင်း နိုင်ငံများကြား လက်တွေ့ကျ သည့် ထိတွေ့ဆက်ဆံမှုများ ဆက်လက် ပေါ်ပေါက်လာမည့် အရိပ်လက္ခဏာ တစ်ခုအဖြစ် ရှုမြင်နိုင်သည်။

တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီကို တွေ့ရစဉ်

တာလီဘန်အဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ကြိုးပမ်းနေသည့် တရုတ်အတွက်လည်း အိန္ဒိယ-တာလီဘန် ဆက်ဆံရေးသည် ဒေသတွင်း တရုတ်၏ မဟာဗျူဟာမြောက် လွှမ်းမိုးရေးကို ရှုပ်ထွေးနိုင်သည်ဟု ရှုမြင်လိမ့်မည် ဖြစ်သည်။

အထူးသဖြင့် အိန္ဒိယသည် တရုတ်အပြင် အာဖဂန်နစ္စတန်အတွက် နောက်ထပ် အရေးကြီးသည့် မိတ်ဖက်နိုင်ငံ ဖြစ်လာနိုင်သည်။

ထို့ကြောင့် တရုတ်သည် အာဖဂန်နစ္စတန်ကို ဩဇာလွှမ်းမိုးမှု ရရှိရေးအတွက် ပြိုင်ဆိုင်မှုများ မြင့်တက်လာဖွယ် ရှိသည်။

ပါကစ္စတန်နိုင်ငံအတွက်မူ အိန္ဒိယ-တာလီဘန် ဆက်ဆံရေးသည် တိုက်ရိုက်အဖြစ်ဆုံး လက္ခဏာတစ်ခု ဖြစ်သည်။

ပါကစ္စတန်သည် အာဖဂန်ပြည်တွင်းရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ 

အထူးသဖြင့် တာလီဘန်အဖွဲ့ အုပ်ချုပ်သည့် ကာလများနှင့် တာလီဘန်တို့ ဖြုတ်ချခံခဲ့ရသော ကာလများတွင် ပါကစ္စတန်သည် အာဖဂန်တာလီဘန်တို့အတွက် အဓိကမိတ်ဖက်ဖြစ်ခဲ့သည်။

သို့သော် လက်ရှိတွင် တာလီဘန်တို့သည် အိန္ဒိယနှင့် ထိတွေ့ဆက်ဆံမှု မြင့်တက်လာမည်ဆိုပါက အာဖဂန်၌ ပါကစ္စတန်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia