CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဆန္ဒပြသူများကို နှိမ်နင်းရန်နှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို မြှင့်တင်ရန်အတွက် အော်ရီဂွန် (Oregon) ပြည်နယ်၊ ပို့လန်း (Portland) မြို့နှင့် အီလီနွိုက်စ် (Illinois) ပြည်နယ်၊ ချီကာဂို (Chicago ) မြို့များသို့ အမျိုးသားအစောင့်တပ်များ စေလွှတ်ရန် အမိန့်ချမှတ်ခဲ့သည် ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် မကြာသေးမီကလည်း ဝါရှင်တန် (Washington) နှင့် လော့စ်အိန်ဂျလိစ် (Los Angeles) တို့တွင် အမျိုးသားအစောင့်တပ်များကို ဖြန့်ကြက်ချထားခဲ့သည်။
ထို့ကြောင့် အမေရိကန်သမ္မတ တစ်ဦးအနေဖြင့် အမေရိကန်၏ မြို့များတွင် စစ်တပ်ကို အသုံးပြုခွင့်အတွက် တရားဝင် လုပ်ပိုင်ခွင့်တို့နှင့်ပတ်သက်ပြီး လေ့လာမည်ဆိုပါက ယခုကဲ့သို့ တွေ့ရမည်ဖြစ်သည်။
Posse Comitatus Act အမည်ရှိ ဖက်ဒရယ်ဥပဒေအရ ပြည်တွင်း တရားဥပဒေစိုးမိုးရေး ရည်ရွယ်ချက်များအတွက် အမေရိကန်စစ်တပ်ကို အသုံးပြုခွင့် တားမြစ်ကန့်သတ်ထားသည်။
၁၈၇၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ထိုဥပဒေသည် အရပ်ဘက် ကိစ္စများကို စစ်တပ်က ဝင်ရောက်စွက်ဖက်ပါက ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်အတွက် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဆိုသည့် အယူအဆအပေါ် အခြေခံထားခြင်း ဖြစ်သည်။
အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ကို တွေ့ရစဉ်
သို့သော် ထိုအက်ဥပဒေတွင် ခြွင်းချက်များလည်း ရှိနေသည်။
အမျိုးသားအစောင့်တပ်သည် အရန်စစ်တပ်ဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူခြင်း၊ ပြည်နယ်အုပ်ချုပ်ရေး မှူး၏ ကြီးကြပ်မှုအောက်တွင် ထားရှိခြင်းတို့ ပြုလုပ်နိုင်သည်။
သဘာဝဘေးအန္တရာယ်များကဲ့သို့ အရေးပေါ် ကိစ္စများတွင် အမျိုးသးအစောင့်တပ်များကို ခေါ်ယူနိုင်သည်။
အမျိုးသားအစောင့်တပ်သည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါက Posse Comitatus Act ဥပဒေနှင့် အကျုံးမဝင်ဘဲ ဖက်ဒရယ်အဆင့်ဖြစ်သည့် သမ္မတ၏ လက်အောက်တွင် ရှိနေပါက Posse Comitatus Act ဥပဒေနှင့် အကျုံးဝင်မည်ဖြစ်သည်။
ထရမ့် အစိုးရအဖွဲ့ကမူ အမေရိကန် ဖက်ဒရယ်ဥပဒေများ၏ ခေါင်းစဉ် ၁၀ ၊ ပုဒ်ခွဲ ၁၂၄၀၆ အရ ကျူးကျော်မှုကို တွန်းလှန်ရန်၊ သူပုန်ထမှုကို ဟန့်တားရန်နှင့် တရားဥပဒေ စိုးမိုးရန်အတွက် အမျိုးသားအစောင့်တပ်ကို စည်းရုံး ခေါ်ယူခွင့် ရှိသည်ဆိုသည့် အချက်ကို အသုံးပြုပြီး အစောင့်တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် ညွှန်ကြားနေခြင်း ဖြစ်သည်။
ထို့ပြင် ထရမ့်သည် Posse Comitatus Act ဥပဒေတွင် ခြွင်းချက်ဖြစ်သည့် ဆူပူအုံကြွမှုအက်ဥပဒေကို ကိုးကားပြီး အမျိုးသားအစောင့်တပ်များအား ဖြန့်ကြက်မည့် အစီအစဉ်များကို လုပ်ဆောင်ဖွယ် ရှိနေသည်ဟုလည်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ