CNI International News

ပဲရစ်၊ အောက်တိုဘာ ၉

ပြင်သစ်နိုင်ငံမှာ ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ဘတ်ဂျက်အတည်ပြုမှု ရယူ၍ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ရှောင်လွှဲနိုင်မလား စောင့်ကြည့်ရမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြင်သစ်ယာယီဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူ (Sebastien Lecornu) က ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ့ ဘတ်ဂျက် သဘောတူညီမှု ရရှိလိမ့်မည်ဟု အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် အရေးပေါ် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြေ နည်းပါးသွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လီကော်နူသည် ပြင်သစ်၏ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်နေသလို ပြင်သစ်နိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်ရေး အတွက် အဖြေရှာနိုင်ခြေ ရှိ/မရှိကို သမ္မတ မက်ခရွန် (Emmanuel Macron) အား အစီအရင်ခံတင်ပြရန် စီစဉ် နေချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် ပြင်သစ်အတွက် ဘတ်ဂျက်တစ်ခု ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု လီကော်နူက အောက်တိုဘာ ၇ ရက်တွင် ကွန်ဆာဗေးတစ်များ၊ ဗဟိုလက်ယာယိမ်းပါတီများနှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် ပြောကြားခဲ့သည်။

 ပြင်သစ်အတိုက်အခံ အမျိုးသမီးကိုတွေ့ရစဉ် 

ဘတ်ဂျက် ရရှိရေး အခြေအနေသည် အရှိန်အဟုန်နှင့် ဆုံချက်တစ်ခုကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ပြီး လွှတ်တော် ဖျက်သိမ်းရမည့် အလားအလာကို လျော့ပါးစေလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

လီကော်နူက သူသည် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးခဲ့သည့် ရလဒ်များကို သမ္မတ မက်ခရွန်နှင့် တွေ့ဆုံပြီး ညှိနှိုင်းသွားမည်ဟုလည်း ပြောသည်။

လက်ရှိတွင် နိုင်ငံရေး အကျပ်အနည်းကို အဆုံးသတ်ရန်အတွက် အတိုက်အခံများက သမ္မတ မက်ခရွန်ကို အရေးပေါ် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ပေးရန် သို့မဟုတ်ပါက ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေ ကြသည်။

ပြင်သစ်တွင် ၂ နှစ်အတွင်း ပဉ္စမမြောက် ဝန်ကြီးချုပ် ဖြစ်လာသည့် လီကော်နူသည် စက်တင်ဘာ ၉ ရက်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၇ ရက်၌ ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ နုတ်ထွက်ကြောင်း ကြေညာခဲ့ဖြင့် ပြင်သစ်၏ ခေတ်သစ်သမိုင်းတွင် သက်တမ်းအတိုဆုံး အစိုးရအဖွဲ့အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

လက်ရှိတွင် လီကော်နူသည် ၎င်း၏နေရာကို အစားထိုး တာဝန်ထမ်းဆောင်မည့် ဝန်ကြီးချုပ်သစ်တစ်ဦး မရွေးချယ် ရမီအချိန်အထိ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

Source: ရိုက်တာ