CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၉

ထိုင်းနိုင်ငံတွင် အထက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ရွေးကောက်ခံရသည့် မွန်ကောလ် သူရဆာဂျာ (Mongkol Surasajja) နှင့် ၎င်း၏ လက်ထောက်နှစ်ဦးသည် ဇူလိုင် ၂၇ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။

မစ္စတာ မွန်ကောလ်နှင့် ၎င်း၏ လက်ထောက်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ကရီယန်ကရိုင် ဆရီရတ် (Kriangkrai Srirak) နှင့် ဘွန်းဆောင်း နွိုင်ဆိုဖွန် (Boonsong Noisophon) တို့သည် တော်ဝင်နန်းတော်၏ ထောက်ခံချက်ကို လက်ခံခဲ့ပြီး ထိုထောက်ခံချက်သည် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအတွက် တရားဝင် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သည်။

အထက်လွှတ်တော်များနှင့် ထိပ်သီးအရာရှိများသည် တော်ဝင်နန်းတော်၏ ထောက်ခံမှုကို ပေးအပ်ခြင်းခံရပြီး ထိုထောက်ခံချက်ကို အခမ်းအနားအား ဦးစီးကျင်းပသည့် အစိုးရအတွင်းဝန်ချုပ် နတ်ဂျာရီ အန်န်တာစစ် (Natjaree Anantasilp) က လက်ခံသူများထံ ဆောင်ကြဉ်းပေးရခြင်းဖြစ်သည်။

ထိုကျမ်းသစ္စာကျိန်ဆိုပွဲတွင် မစ္စစ် နတ်ဂျာရီက ဘူရီရမ် (Buri Ram) အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ မွန်ကောလ် ကို အထက်လွှတ်တော်ဥက္ကဋ္ဌသစ် အဖြစ်လည်းကောင်း၊ Bhumjaithai ပါတီ အကြံပေးပုဂ္ဂိုလ်ဟောင်း ဗိုလ်ချုပ်ကြီး ကရီယန်ကရိုင်ကို ဒုတိယလွှတ်တော်ဥက္ကဋ္ဌ(၁) အဖြစ်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင် 
အကြီးအကဲ ဟောင်း မစ္စတာဘွန်းဆောင်းကို ဒုတိယလွှတ်တော်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တော်ဝင်နန်းတော်၏ ထောက်ခံ ချက်ကို ဖတ်ကြားခဲ့သည်။

ထို့နောက် ကျမ်းသစ္စာကျိန်ဆိုပွဲ၏ လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသွားချိန်တွင် ရာထူးခန့်အပ်မှု လုပ်ငန်းစဉ် အဆုံးသတ်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌသစ်နှင့် လက်ထောက်များသည် ၎င်းတို့၏ တာဝန်များကို စတင်တာဝန် ထမ်းဆောင်ခဲ့သည်။

 ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌအသစ်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်က မစ္စတာ မွန်ကောလ်သည် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အထက်လွှတ်တော် အမတ်များ၏ မဲခွဲဆုံးဖြတ်မှုတွင် မဲစုစုပေါင်း ၂၀၀ ရှိသည့်အနက် ထောက်ခံမဲ ၁၅၉ မဲဖြင့် အနိုင်ရရှိခဲ့သည်။

အထက်လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်ပွဲများကို ခရိုင်အဆင့်၊ ပြည်နယ်အဆင့်နှင့် နိုင်ငံတော်အဆင့် အစရှိသည့် အဆင့် ၃ ဆင့်ခွဲကာ ရက်အနည်းငယ်ကြာ အချိန်ယူ ပြုလုပ်ခြင်းဖြစ်သည်။

 Bhumjaithai ပါတီသည် အထက်လွှတ်တာ်၏ အုပ်စု ၃ စုအနက် အင်အားအကြီးဆုံး လွှတ်တော်ကိုယ်စားလှယ် အင်အားစုဖြစ်ပြီး ထိုလွှတ်တော်ကိုယ်စားလှယ်များထဲမှ အချို့သည် အာဏာရဖြူးထိုင်းပါတီ၊ အတိုက်အခံ Move Forward ပါတီတို့နှင့် အနည်းငယ် ဆက်နွှယ်မှုရှိနေသည်။

ပြီးခဲ့သည့်သီတင်းပတ်က ရွေးကောက်ပွဲရလဒ်များကို ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ထံ ပေးပို့ခဲ့ပြီး ဝန်ကြီးချုပ်က တော်ဝင်ထောက်ခံချက် ရယူရန်အတွက် ဘုရင့်ထံ တင်သွင်းခဲ့ခြင်းဖြစ်ကာ တော်ဝင် နန်းတော်က ရာထူးခန့်အပ်ကြောင်း ထောက်ခံချက်ကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်