CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂
ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် ရာဇဝတ်မှုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သော်လည်း ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများက လိင်ဖျော်ဖြေရေး လုပ်သားများကို ဥပဒေအရ ပိုမို ကာကွယ်ပေးရန်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်စေရေး ထောက်ခံအားပေးမည်ဟု ပြောကြားခဲ့ကြကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မကြာသေးမီက Service Workers in Group (Swing) ဖောင်ဒေးရှင်းသည် လိင်မှုလုပ်ငန်းနှင့် ပတ်သက်သည့် မူဝါဒများကို ဆွေးနွေးရန် လိင်လုပ်သားများနှင့် မြို့ (Sex Worker and the City) အမည်ရှိ ဖိုရမ်တစ်ခုကို ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲကို လူသိများသည့် ညဘက်ဖျော်ဖြေရေး နယ်မြေဖြစ်သည့် Soi Cowboy ပြည့်တန်ဆာရပ်ကွက်ရှိ Cowboy 2 ဘားတွင် ပြုလုပ်ခဲ့ပြီး ဖြူးထိုင်းပါတီ၊ ပြည်သူ့ပါတီ၊ Movement ပါတီ၊ Thai Sang Thai ပါတီနှင့် ဒီမိုကရက်ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ လိင်ဖျော်ဖြေရေး လုပ်သားများ၏ လူနေမှုဘဝ မြှင့်တင်ရေးတွင် နိုင်ငံရေး ကဏ္ဍမှ မည်သို့ ဦးဆောင် ကူညီပေးနိုင်မည်နည်းဆိုသည့် အချက်ကို အဓိက ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နောက်တက်လာမည့် အစိုးရသစ် အနေဖြင့် လိင်လုပ်သားများ၏ အရေးကိစ္စများကို လက်တွေ့ကျသည့် မူဝါဒများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

ထိုင်းလိင်အလုပ်သမားတွေကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် လိင်လုပ်ငန်းသည် စီးပွားရေးကဏ္ဍအရ အလွန်ကြီးမားသော်လည်း ပြည့်တန်ဆာလုပ်ငန်း တားဆီး နှိမ်နင်းရေးဥပဒေအရ ယခုအချိန်အထိ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် လိင်မှုလုပ်ငန်းကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ရန် ကြိုးပမ်းမှုအနေဖြင့် စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း တော်ဝင်အမိန့် ပြန်တမ်း၌ ဖော်ပြခဲ့သည်။
ထိုစည်းမျဉ်းသစ်အရ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသာ ဒဏ်ငွေ ရိုက်ပိုင် ခွင့် ရှိသည်။
သို့သော် ပြည်တန်ဆာလုပ်ငန်း၏ ဥပဒေကြောင်းအရ အခြေအနေမှာ မရေမရာဖြစ်နေဆဲ ဖြစ်သောကြောင့် လိင်လုပ်သားများသည် တာဝန်ရှိသူများ၏ ငွေညှစ်ခြင်း၊ လာဘ်ထိုးရခြင်း အစရှိသည့် အခြေအနေများဖြင့် မကြာခဏ ခေါင်းပုံဖြတ်ခံနေရသည်။
ထို့ပြင် လုပ်အားခ မမျှတခြင်း၊ အလုပ် အလွန်အကျွံ စေခိုင်းခြင်းနှင့် အလုပ်ရှင် သို့မဟုတ် ဖောက်သည်များ၏ နှိပ်စက်ညှင်းပန်းမှု ခံရခြင်းကဲ့သို့သော ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။
Source: ဘန်ကောက်ပို့စ်
