CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၄

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲ ပေးမှုများအတွင်း ပုံမှန်မဟုတ် သည့် ပြဿနာများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာသဖြင့် ထိုကိစ္စကို အရေးပေါ် စုံစမ်းစစ်ဆေးပေးရန် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကော်မရှင်(EC)ကို တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ကြိုတင်မဲ ပေးမှုများအတွင်း ထိုကဲ့သို့သော ပြဿနာများသည် ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်းလည်း နိုင်ငံရေးပါတီများက သတိပေးထားသည်။

ထိုင်းနိုင်ငံတစ်ဝန်း ရွေးကောက်ပွဲမတိုင်မီ သီတင်းတစ်ပတ်စောပြီး ကျင်းပခဲ့သော ကြိုတင်မဲပေးမှုတွင် မဲပေးသူ အရေအတွက် အလွန်များပြားခဲ့သည်။

ဘန်ကောက်မြို့တော် ဒေသတစ်ခုတည်းမှာပင် မဲပေးရန် မှတ်ပုံတင်ထားသူ ၈၄၅,၈၅၃ ဦးရှိပြီး ၎င်းတို့အနက် ၇၄၀,၉၆၆ ဦး (၈၇ ဒသမ ၆ ရာခိုင်နှုန်း) လာရောက် မဲပေးခဲ့ကြသည်။

အခြားခရိုင်များတွင်လည်း မဲပေးသူ အရေအတွက် မြင့်မားခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြဿနာ ပေါင်းစုံ ကြုံတွေ့ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

 ထိုင်းမဲဆန္ဒရှင်များကို တွေ့ရစဉ်

အထူးသဖြင့် မဲလက်မှတ် ထည့်သည့် စာအိတ်များပေါ်တွင် လိပ်စာများ မှားယွင်းမှုကြောင့် မဲများ ပြန့်သွားခြင်း သို့မဟုတ် ပယ်မဲဖြစ်သွားခြင်း အစရှိသည့် ပြဿနာများ ဖြစ်လာနိုင်မည့် အခြေအနေအပေါ်  စိုးရိမ်နေကြသည်။

ထို့ပြင် ကိုယ်စားလှယ်လောင်း စာရင်းများ ပြည့်စုံမှုမရှိခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း၊ ကိုယ်စားလှယ်လောင်း များ၏ လက်ကမ်း စာစောင်များ ပျောက်ဆုံးခြင်း၊ QR code ထဲရှိ အချက်အလက်များ အသုံးပြု မရခြင်းနှင့် တာဝန် ကျ အရာရှိများအကြား အမှားမှား အယွင်းယွင်းဖြစ်ခြင်း အစရှိသည့် ပြဿနာများလည်း ပါဝင်ခဲ့သည်။

အချို့ဖြစ်ရပ်များတွင် မဲပေးသူ၏ အမည်မှာ မှတ်ပုံတင် စနစ်အတွင်း၌ ရှိနေသော်လည်း မဲပေးခွင့် ငြင်းပယ်ခံရမှု များ ရှိခဲ့သည်။

ထို့ကြောင့် ပြည်သူ့ပါတီ(PP)၊ ဖြူးထိုင်းပါတီ (Pheu Thai) နှင့် ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော iLaw တို့က ရွေးကောက်ပွဲကော်မရှင် (EC) ကို တာဝန်ယူရန်နှင့် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားကြသည်။ 

ရွေးကောက်ပွဲကော်မရှင် (EC)၏ အတွင်းရေးမှူးချုပ် စဝေါင် ဘွန်မီ (Sawaeng Boonmee) ကမူ ထိုပြဿနာ များအတွက် တောင်းပန်ခဲ့သော်လည်း ရွေးကောက်ပွဲ ဝန်ထမ်းများကို မတရားစွပ်စွဲခြင်းမျိုး မပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။

Source: ဘန်ကောက်ပို့စ်