CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄

မကြာသေးမီက အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို အီရန်အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်အတွင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က အမေရိကန်နှင့် တရားမျှတပြီး သာတူညီမျှရှိသည့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အီရန် နိုင်ငံခြားရေးဝန်ကြီးကို ဖေဖော်ဝါရီ ၃ တွင် ညွှန်ကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုသတင်းအရ အီရန်အစိုးရသည် အမေရိကန်နှင့် ပြန်လည် ဆွေးနွေးလိုသည့် သိသာထင်ရှားသော ပထမဆုံး လက္ခဏာတစ်ခု ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး လိုလားသူဖြစ်သည့် သမ္မတ ပီဇက်ရှ်ကီယန် အတွက် ထိုဆုံးဖြတ်ချက်သည် သိသာသော အလှည့်အပြောင်းတစ်ခု ဖြစ်သည်။

ထို့ပြင် အသက် ၈၆ နှစ်အရွယ် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ကလည်း ယခင်က အမေရိကန်နှင့် ဆွေးနွေးမည့် အစီအစဉ်များကို ပယ်ချခဲ့ဖူးသော်လည်း ယခုအခါ တွင် ပီဇက်ရှ်ကီယန်၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) သည် အရှေ့အလယ် ပိုင်းဒေသသို့ ရောက်ရှိနေချိန်တွင် တူရကီနိုင်ငံကလည်း အမေရိကန်နှင့် အီရန် ဆွေးနွေးပွဲများကို ယခုသီတင်းပတ် ကုန်ပိုင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။

အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ကို တွေ့ရစဉ်

သို့သော် အီရန်နှင့် အမေရိကန်တို့ ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့မည်ဆိုပါက သဘောတူညီချက် ရနိုင်ခြေ ရှိ၊မရှိကို  စောင့်ကြည့်ရဦးမည် ဖြစ်သည်။

အထူးသဖြင့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မည်သည့် ဆွေးနွေးပွဲတွင်မဆို အီရန်၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရေး တောင်းဆိုချက်များထဲ၌ ထည့်သွင်းထားသောကြောင့် ဖြစ်သည်။

ထရမ့်၏ ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းချက်ကို တုန့်ပြန်ပေးဖို့ ဒေသတွင်းရှိ ခင်မင်ရင်းနှီးသော အစိုးရများက တောင်းဆိုခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။

“ခြိမ်းခြောက်မှုတွေနဲ့ ကျိုးကြောင်း ဆီလျော်မှုမရှိတဲ့ တောင်းဆိုချက်တွေ မပါဘဲ ကျိုးကြောင်းမျှတမှု၊ သိက္ခာရှိမှု၊ သင့်တော်မှန်ကန်မှု ဆိုတဲ့ မူဝါဒတွေအပေါ် အခြေခံပြီး တရားမျှတမှုနဲ့ သာတူညီမျှရှိတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားပါတယ်”ဟု အီရန်သမ္မတ ပီဇက်ရှ်ကီယန်က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

Source: အေပီ