CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄

ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတွင် တရုတ်အနေဖြင့် “၀”တပ်ဖွဲ့ (UWSA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ဆွဲတင်လာနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

မြန်မာနိုင်ငံတွင် ‌ရွေးကောက်ပွဲအလွန် မည်သို့သော အစိုးရ တက်လာသည်ဖြစ်စေ တရုတ်က အသိ အမှတ်ပြု ထောက်ခံမည်ဖြစ်ကြောင်း၊ လာမည့် စစ်ရေး အခင်းအကျင်းတွင် တရုတ်အနေဖြင့် “ဝ”၊ မိုင်းလား၊ ကိုးကန့်တို့ကို ငြိမ်းချမ်းရေး စားပွဲပေါ် ရောက်အောင် ကြိုးစားလာနိုင်သည်ဟု ၎င်းက ပြော သည်။ 

‌ဒေါက်တာလှကျော်ဇောက “တရုတ်ကတော့ ဘယ်သူတက်တက် ထောက်ခံမှာပဲ၊ အသိအမှတ်ပြုမှာပဲ။ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေးတက်လည်း သူထောက်ခံလိုက်မှာပဲ။ သူကဒီလိုဗျ တရုတ်ရဲ့ ရှုမြင်မှုက ဖွံဖြိုးတိုး တက်လာလို့ရှိရင် လူတွေ စီးပွားရေး တက်လာရင် တည်ငြိမ်လာမယ်လို့ သူကတွက်တာကို။ အဲဒါကြောင့် မို့လို့ တကယ်လို့ အစိုးရရယ်လို့ ပီပီပြင်ပြင် ထွက်လာရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်လေ။ ရင်းနှီး မြှုပ်နှံမှုတွေက ဥပမာ- ကျောက်ဖြူ ရေနက်ဆိပ်ကမ်း သွားမယ့်လမ်းတွေ ဘာတွေပေါ့ဗျာ။ အဲဒါတွေ အကုန်လုံး ဖြစ်လာရင် ဗမာပြည်ရဲ့ အခြေခံ အဆောက်အအုံလည်း တော်တော် ကောင်းလာပြီဆိုရင် ဗမာပြည်ကြီး တည်ငြိမ်အေးချမ်းမယ်လို့ သူကတွက်တယ် ထင်ပါတယ်။ အဲဒီတော့ အဲဒီဘက်က သူက ဆက်ပြီးတော့ ပံ့ပိုးမယ်ထင်တယ် နောက်တက်လာမယ့် အစိုးရကိုပေါ့။ အဲဒီတော့ စီးပွားရေးအတွက် တစ်စုံတစ်ရာ တိုးတက်လာအောင် လုပ်မယ်ထင်တယ်။ တရုတ်က စီးပွားရေးအရပဲ သူဝင်ပါမှာပဲလေ။ စီးပွားရေးအရ အ‌ခြေခံအဆောက်အအုံတွေ ဘာတွေ ပြန်ကောင်းလာအောင် လူထုတွေ သက်သာ ချောင် ချိလာအောင် ဒါမျိုးတွေ လုပ်မယ်ထင်တယ်။ အခုလည်း ကျမ ကြားနေတာ နယ်‌စပ်ဒေသက “ဝ”နယ်တို့ မိုင်းလားတို့မှာ တရုတ်က တော်တော်ကို ဖိဖိစီးစီး ကိုးကန့်ပါ ပါတာပေါ့ အခုတော့။ ဖိဖိစီးစီး စိုက်ပျိုးရေး ကိစ္စတို့ ဘာတို့ ညာတို့ တော်တော် ဝင်ပါနေတာပဲလေ၊ ဝင်ကူညီနေတာပေါ့။ အဲ့လိုနည်းနဲ့ တစ်ဖက်က တည်ငြိမ်အောင်လုပ်ပြီးတော့ အားလုံးကို ငြိမ်းချမ်းရေး စားပွဲပေါ်ရောက်အောင် သူကြိုးစားနေတယ် ထင် တယ်။ အဲဒီလမ်းကတော့ တရုတ်က ဖွင့်ထားတာရှိတယ်။ အဲဒီလမ်းဘက်တော့ ရောက်ကောင်း ရောက် နိုင်တာပေါ့” ဟု ပြောသည်။ 

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထားလမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း၊ စသဖြင့် အများအပြား ရှိနေကြသည်။ 

တရုတ်က မြန်မာနိုင်ငံအပေါ် ချုပ်ကိုင်လာနိုင်သလားဆိုသည်မှာ ပြောရခက်သော်လည်း မိမိတို့နိုင်ငံ အနေဖြင့် တရုတ်အပေါ် မှီခိုရမည့် အနေအထားမျိုးတော့ ရှိနေကြောင်း၊ တက်လာမည့် အစိုးရသစ် တစ်ရပ်သည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်သည့် အစိုးရမျိုး ဖြစ်နိုင်သည် ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “တရုတ်ကတော့ စီးပွားရေး အဓိကပါပဲ။ တည်ငြိမ်တဲ့ ဘာစနစ်နဲ့ အုပ်ချုပ်လဲဆိုတာ သူမသိပါ ဘူး။ ဘယ်လိုစနစ်နဲ့ပဲအုပ်ချုပ် အုပ်ချုပ် တိုင်းပြည်တည်ငြိမ်နေရင် သူ့စီးပွားရေး လုပ်လို့ရတယ်ဆိုရင် ပြီးရောဆိုတဲ့ သဘောရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလား ဒီမိုကရေစီ အရေးလား။ ဘာအရေးလဲ။ တရုတ်ကသိပ်တော့ ဂရုစိုက်တဲ့ထဲ မပါဘူး။ သူဂရုစိုက်တာက သူ့မူက တည်ငြိမ်ရေးပါပဲ။ (Stability) ဆိုတာ သူ့ရဲ့နိုင်ငံခြားရေးမူပါပဲ။ ဒါကြောင့် (Stability) ရှိတယ်ဆိုလို့ရှိရင် သူက အလုပ်လုပ်လို့ ရတယ်။ တရုတ်က မြန်မာကို ချုပ်ကိုင်မယ်လို့တော့ ပြောရခက်တယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာ အာဏာ တစ်ခုနဲ့တစ်ခု အစိုးရ တစ်ခုနဲ့တစ်ခုဟာ သူတို့အပြောအရရော နောက်ဆုံး အသုံးအနှုန်းက မဟာ‌ဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အစိုးရဖြစ်လာမှာပေါ့။ မဟာဗျူဟာ ကျတယ်ဆိုတာတော့ နိုင်ငံရေး အသုံးအနှုန်းပေါ့ဗျာ။ ဒါပေမယ့် မှီခိုရမယ်ဆိုတဲ့ သဘောကတော့ ရှိနေမှာပဲ။ ပြန်လည် ထူ ထောင်ရေးလုပ်ဖို့ လက်ရှိ တိုင်းပြည် အခြေအနေအရ မဖြစ်နိုင်ဘူးလေ။ နိုင်ငံရေး အရ‌ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြန်ပြီးတော့ ဆွေးနွေးပွဲ ဖိတ်ခေါ်နိုင်တယ် အစိုးရက။ လက်ရှိလုပ်နေ တဲ့ NCA လမ်းကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ပေါ်လာနိုင်တယ်။ နောက်ပြီးတော့ တိုက်နေ တဲ့ လူတွေကို ပြန်ပြီးတော့ ဖိတ်ခေါ်နိုင်တယ်။ ဦးသိန်းစိန်လုပ်တဲ့ နည်းလမ်းတွေပေါ့လေ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ဖြေလျှော့နိုင်တဲ့ နည်းတွေပဲ ပြန်လုပ်လိမ့်မယ်လို့ ယူဆရတယ်” ဟု ပြောသည်။ 

PNLO-ALP ခေါင်းဆောင် နှစ်ဦးကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် အဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်‌ရေး ကောင်စီ(RCSS)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ PNLO၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ဖြစ်သည်။ 

သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲသွား‌သော နိုင်ငံရေး အခင်းအကျင်းနှင့် အတူ CNF-ABSDF-KNU တို့က NCA ပျက်သွားပြီးဆိုကာ နုတ်ထွက်သွားခဲ့သလို PNLO- ALP-LDU- NMSP အဖွဲ့များကလည်း ၂ ဖွဲ့ကွဲသွားခဲ့သည်။

ထို့ပြင် NCA မထိုးရသေးသော အဖွဲ့များမှာ UWSA- NDAA- MNDAA- TNLA- KIA- SSPP-AA-KNPP တို့ ဖြစ်သည်။