CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃

လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေး လုပ်ငန်းစဉ်နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျန်ရှိနေသည့် ဒေသများအတွက် တရုတ်က သူ့အစား “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကို ကြားဝင်ခိုင်း လာနိုင်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

“ဝ”တပ်ဖွဲ့သည် တရုတ်မှ ကိုယ်တိုင် ဝင်မပါချင်သည့် ကိစ္စများတွင် ၎င်းတို့၏ ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက် ဆောင်ရွက်ပေးရကြောင်း၊ “ဝ”၏ အနောက်တွင် တရုတ်ရှိနေသဖြင့် ၎င်း၏ ဆောင်ရွက်ခိုင်းမှုအပေါ် အားလုံးမှ လိုက်နာရန်လိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ရှင်းရှင်းပြောရင် “ဝ”ကတော့ တရုတ်က ကိုယ်တိုင် မလုပ်ချင်တဲ့ကိစ္စမှာ “ဝ”ကလည်း သူ့ရဲ့ကိုယ်စားလှယ်အနေနဲ့ ဒီမှာဆောင်ရွက် ပေးနေတာပါပဲ။ “ဝ” ပြောတဲ့ “ဝ” ခိုင်းတဲ့ဟာ အားလုံးလိုက်နာရဖို့ လိုတာက “ဝ”ရဲ့ နောက်မှာ တရုတ်ကိုယ်တိုင်ရှိတာကို။ ဒါပေမယ့် နိုင်ငံတကာ ဥပဒေအရ “ဝ”ကို အသုံးပြုပြီး တော့ တရုတ်က သူ့ဩဇာအာဏာ ချဲ့ထွင်တဲ့ သဘောရှိတာကို။ ဒါကြောင့် “ဝ”ကတော့ သူ့ရဲ့ ပုံမှန် position မပျက်၊ နောက်ကျန်တဲ့ ဒေသတွေအတွက်လည်း သူလိုက်ပြီးတော့ အပြန်အလှန် အာမခံချက်ပေးပြီးတော့ ကြားဝင်ပေးမယ့် သဘောတော့ ရှိပါတယ်။ တရုတ်က ကိုယ်တိုင်ကြားဝင်တာရှိသလို “ဝ”ကလည်း ကြားဝင် ပေးတဲ့ ကိစ္စတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကြောင့် KIA တို့လို အဖွဲ့တွေလည်း ဘာပဲဖြစ်ဖြစ် ပြန်လည်စဉ်းစားဖို့ တော့ လိုလာတာပေါ့။ တိုက်ပွဲတွေ ဆက်လုပ်မလား၊ သို့တည်းမဟုတ် “ဝ”၊ တရုတ် အကြံပေးတဲ့အတိုင်း ပြန်သုံးသပ်မလားဆိုတဲ့ဟာ နည်းနည်းတော့ စဉ်းစားစရာတော့ ဖြစ်လာနိုင်တာပေါ့။ ရှမ်းမြောက်မှာ ယူနန်နယ်စပ် နဲ့ ဝေးတဲ့နေရာတွေကတော့ ဖြစ်နိုင်တယ်(တိုက်ပွဲ)၊ ယူနန်နယ်စပ်နဲ့ နီးတဲ့ဒေသတွေကတော့ ဖြစ်ဖို့မလွယ်တော့ ဘူး။ ဘာကြောင့်လဲဆိုတော့ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးကို ဦးစားပေးတော့မှာကို။ BRI ကလည်း ဗမာပြည် ကိုဖြတ်ပြီး ကျောက်ဖြူအထိရောက်တော့ အဲဒီလမ်းကြောင်းတွေကို ပြန်ထိန်းချုပ်ချင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် မြောက်ပိုင်းအဖွဲ့အစည်းတွေအနေနဲ့ ဆက်တိုက်နေမယ်ဆိုရင်တော့ အကျပ်အတည်း ဖြစ်သွားနိုင်တယ် တရုတ်ရဲ့ဖိအားပေါ့လေ” ဟု ပြောသည်။

တရုတ်အထူးကိုယ်စားလှယ်အဖြစ် ယခင်က တာဝန်ယူခဲ့ဖူးသူ မစ္စတာဆွန်ကော်ရှန်နဲ့ UWSA ခေါင်းဆောင်ကို တွေ့ရစဉ်

တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က သိမ်းပိုက် ထားသည့် လားရှိုးမှ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

ထို့နောက် လားရှိုးမြို့ထဲသို့ ဧပြီ ၁၈ ရက်၊ ဧပြီ ၂၁ ရက်နှင့် ၂၂ ရက်နေ့များက မြန်မာ့တပ်မတော်မှ စစ်ယာဉ်တန်း များဖြင့် ပြန်လည်ဝင်ရောက်ကာ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ထူထောင်ရန် ပြင်ဆင်လျက်ရှိသည်။

ထိုသို့ လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့များကို ပြန်လည်ဆုတ်ခွာခိုင်းခြင်းမှာ ၎င်း၏ နယ်စပ်ကုန်သွယ်ရေးနှင့် အခြား သော စီမံကိန်းလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လိုသောကြောင့် ဖြစ်သည်ဟု သုံးသပ် ကြသည်။

ယခုကဲ့သို့ လားရှိုးမြို့ကို လွှဲပြောင်းပေးအပ်ပြီးနောက် နယ်မြေထိန်းချုပ်နိုင်မှု၏ အောင်မြင်မှုအပေါ် မူတည်ကာ ရှေ့ဆက်လျှောက်ရမည့် တော်လှန်ရေးခရီးကို အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

 UWSA နဲ့ MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “လားရှိုးကိစ္စက ဘယ်လောက်အောင်မြင်လဲ၊ မအောင်မြင်လဲဆိုတာ ကြည့်ရမယ်။ တရုတ်က ဒီမှာ ၃ ခု ပေါင်းပြီးတော့ ကုန်သွယ်ရေးလမ်းဖွင့်မှာကို။ ကုန်သွယ်ရေးလမ်းဖွင့်ဖို့ လုပ်တဲ့အတွက် ဒီဟာတကယ်လို့ အောင်မြင်လို့ ပြည်သူလူထုအတွက် တစ်စုံတစ်ရာ သက်သာတယ်၊ ပြည်သူလူထုရဲ့ စီးပွားရေး တက်လာတယ်၊ စစ်ကောင်စီဘက်ကလည်း ခါတိုင်းလို ရမ်းရမ်းကားကား မလုပ်ရဲတော့ဘူးဆိုရင်တော့ TNLA ဘက်ကလည်း စဉ်းစားလာနိုင်စရာတွေရှိတာပေါ့။ ဒီလားရှိုး ဘယ်လောက် အောင်မြင်မလဲ၊ မအောင်မြင်မလဲက ရှေ့လျှောက် ရမယ့် တော်လှန်ရေးလမ်းခရီးကို အဆုံးအဖြတ်ပေးမှာပဲ” ဟု ပြောသည်။

ထိုသို့ ဆုတ်ခွာခြင်းသည် နစကဘက်မှ ဆုတ်ခိုင်းခြင်း မဟုတ်ဘဲ တရုတ်ဘက်မှ ဆုတ်ခွာရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

လားရှိုးမြို့ လွှဲပြောင်းပေးအပ်ခြင်းသည် တရုတ်ဖိအားကြောင့်ဆိုသည့် ပြောဆိုနေမှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်မှ ငြင်းဆိုထားပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် ပြန်လည် စတင်နိုင်ရန် မိတ်ဆွေ သဘောဖြင့်သာ အကြံပြုပေးနေခြင်းဖြစ်သည်ဟု ပြောထားသည်။