CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိအရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် မြို့သိမ်းတိုက်ပွဲကို ကိုးကန့်တပ်(MNDAA)က ဖော်ဆောင်နေချိန်မှာပဲ “ဝ”တပ်ဖွဲ့က လားရှိုးမြို့ထဲ ဝင်ရောက်လာပြီး နေရာတချို့ကို ထိန်းချုပ်နေရာယူထားကြောင်း နီးစပ်သူများက ပြောသည်။

“ဝ”တပ်ဖွဲ့သည် ဇူလိုင် ၂၇ ရက်နေ့ ညပိုင်းက လားရှိုးမြို့ထဲ ဝင်ရောက်လာပြီး အရေးကြီးနေရာများကို ထိန်းချုပ် နေရာယူထားကြောင်း နစကနှင့် “ဝ”တပ်ဖွဲ့တို့ဖြင့် နီးစပ်သူ သတင်းရင်းမြစ် ၃ ဦးထက်မနည်းက CNI သတင်းဌာန သို့ ပြောသည်။

“ဝ”တပ်ဖွဲ့ လားရှိုးမြို့ထဲ ဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး UWSA ၏ လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

ထိုသို့ “ဝ”တပ်ဖွဲ့ လားရှိုးမြို့ထဲ ဝင်ရောက်လာခြင်းမှာ နေပြည်တော်၏ ခွင့်ပြုချက်ဖြင့်ဖြစ်ကြောင်း၊ သို့သော် ဆွေးနွေး သဘောတူညီချက် အသေးစိတ်ကိုတော့ မသိရသေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။

MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့သည် ရမခတိုင်းဌာနချုပ်ကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး လားရှိုးမြို့ထဲက နေရာတချို့ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။

 

 

သို့သော် တရုတ်အစိုးရက MNDAA နှင့် TNLA တို့ကို စစ်ဆင်ရေး ရပ်တန့်ရန် ဖိအားပေးနေပြီး MNDAA နှင့် TNLA ထိန်းချုပ်နယ်မြေအတွင်း အင်တာနက်၊ လျှပ်စစ်မီး၊ နယ်စပ်ဂိတ်များ ပိတ်ထားသည်။

တရုတ်အစိုးရဘက်က TNLA နှင့် MNDAA ကို အချက်သုံးချက် ပြောထားကြောင်း၊ ထိုအချက် သုံးချက်အရ ဇူလိုင်လကုန်နောက်ပိုင်းတွင် TNLA နှင့် MNDAA တို့အပစ်ရပ်နိုင်ကြောင်း၊ အပစ်အရပ်ခင် ရသလောက် TNLA နှင့် MNDAA က တိုက်နေခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်များဖြင့် နီးစပ်သူတစ်ဦးက ပြောသည်။

TNLA နှင့် MNDAA တို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး (ပထမပိုင်း)ကာလတုန်းက “ဝ”တပ်ဖွဲ့ကို TNLA နှင့် MNDAA တို့က ဟိုပန်နှင့်ပန်လုံမြို့ကို ထိန်းချုပ်ခွင့်ပေးခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်ကနေ ယနေ့အထိ စတင်နေသော ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း)တွင် “ဝ”တပ်ဖွဲ့ကို တန့်ယန်းမြို့နယ်အား နေပြည်တော်က ထိန်းချုပ်ခွင့်ပေးခဲ့သလို ဇူလိုင် ၂၇ ရက်ကလည်း လားရှိုးမြို့ထဲကို ဝင်ရောက်ထိန်းချုပ်ခွင့်ပေးလိုက်သည်။