CNI International News

ဘေကျင်း၊ ဇူလိုင် ၂၉

မြန်မာနှင့် တရုတ် နယ်စပ်ဒေသ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းရန်နှင့် တိုက်ပွဲများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က  ထုတ်ပြန်ခဲ့ သည်ဟု Nation Thailand မှ ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည် ဟုလည်း မော်က ပြောကြားခဲ့သည်။

မော်သည် ဇူလိုင် ၂၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၏ ပဋိပက္ခအခြေအနေနှင့်ပတ်သက်ပြီး မေးခွန်းများကို ဖြေကြားချိန်၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို တရုတ်က အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့နဲ့ ရန်လိုမှုတွေကို အမြန်ဆုံး အဆုံးသတ်ပြီး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့၊ တင်းမာမှုတွေကို ရှောင်ရှားဖို့ တရုတ်က တိုက်တွန်းပါတယ်။ အထူး သဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် တရုတ် နယ်စပ်ဒေသရဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေကို မထိခိုက်အောင် သေချာစွာ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်" ဟု မော်က ပြောကြားခဲ့သည်။

 ကိုးကန့်တပ်ဖွဲ့ MNDAA လားရှိုးမြို့ထဲကို ၀င်ရောက်လာစဉ်

ထို့ပြင် တရုတ်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မြှင့်တင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်အဟုန်ကို ထိန်းသိမ်းရန် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များကို ဆက်လက်တိုက်တွန်းမည်ဟုလည်း မော်က ပြောကြားခဲ့သည်။

လက်ရှိ လားရှိုးမြို့၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မတ်တရာတို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့် ရန် တရုတ်က TNLA  နှင့် MNDAA ကို ဖိအားပေးနေကြောင်း ပြည်တွင်းနိုင်ငံရေးနှင့်စစ်ရေးအကဲခတ်များက ပြော သည်။

လားရှိုးမြို့ကို သိမ်းပိုက် MNDAA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာပဲ ဇူလိုင် ၂၇ ရက်နေ့ ညပိုင်း တွင် "ဝ"တပ်ဖွဲ့  UWSA က နေပြည်တော်(မြန်မာ့တပ်မတော်)၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လာပြီး အရေးကြီး သည့် နေရာများမှာ နေရာယူ ထိန်းသိမ်းထားသည်။

Source: Nation Thailand