CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) ကျသွားပြီဆိုသည်မှာ မှန်ကန်မှုမရှိဘဲ လက်နက်ကိုင်များကို လိုက်လံတိုက်ခိုက်ရှင်းလင်းနေသည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၅ ရက်နေ့တွင် ပြောသည်။

၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAA မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင် ၂၅ ရက်နေ့ နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် လားရှိုးမြို့ကို လုံးဝ လွတ်မြောက်ကြောင်း MNDAA ၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာခဲ့သလို လားရှိုးမြို့လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်သည်ဟုလည်း MNDAA က ထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့နယ်ရှိ စစ်စခန်းတစ်ခုကို MNDAA သိမ်းလိုက်စဉ်

အဆိုပါ ထုတ်ပြန်ချက်ကို MNDAA က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီတွင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မှန်ကန်မှုမရှိပါ။ လားရှိုးမြို့အချို့အစွန်ရပ်ကွက်များသို့ သောင်းကျန်းသူများ စိမ့်ဝင် လာ၍ လိုက်လံရှင်းလင်းနေသည်”ဟု ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၅၅ မိနစ်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် လားရှိုးမြို့အတွင်းမှာ မြန်မာ့တပ်မတော်နှင့် MNDAA – PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲ ကြောင်း ထုတ်ပြန်ကြေညာထားသည့်တိုင် လားရှိုးမြို့ရှိ ရမခတိုင်းစစ်ဌာနချုပ်နှင့် မြန်မာ့တပ်မတော်၏ စစ်စခန်း များကို တိုက်ခိုက်နေခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။