CNI International News

တိုကျို၊ ဇူလိုင် ၂၅

တရုတ်ကုမ္ပဏီများသည် ရုရှားလက်နက်များတွင် အသုံးပြုသည့် အနုစိတ်ပစ္စည်း အစိတ်အပိုင်းများအား ဘယ်လာရုစ် ကာကွယ်ရေး ကန်ထရိုက်တာအဖွဲ့ကို တင်ပို့ရောင်းချခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

တရုတ်ကမူ ၎င်းသည် ယူကရိန်းရှိ ရုရှား၏ စစ်ရေးအားထုတ် ကြိုးပမ်းမှုများအတွက် လက်နက်များ ထောက်ပံ့ ပေးခဲ့ခြင်းမရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့သော်လည်း တရုတ်ကုမ္ပဏီများသည် ရုရှားကို လက်နက်ထောက်ပံ့ ပေးဖွယ်ရှိနေသည့် အခြေအနေများကို တွေ့ရှိနေရသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့မှုများ ပိုမိုတင်းကျပ်ရန် ကြိုးပမ်းနေချိန်တွင် တရုတ်နှင့် ရုရှား၏ အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

ဘယ်လာရုစ် အတိုက်အခံအဖွဲ့ဖြစ်သည့် BelPol အဖွဲ့သည် ဘီလာရုစ်နှင့် တရုတ် ကုမ္ပဏီများအကြား စက်မှု လုပ်ငန်းဆိုင်ရာ အရောင်းအဝယ်အရင်းအမြစ်များမှ ကန်ထရိုက်များ၊ ငွေပေးချေမှု မှတ်တမ်းများနှင့် အခြား အချက်အလက်များကို ရရှိခဲ့သည်။

ထိုမှတ်တမ်းများအရ တရုတ်၏ ရှန်ကျန်း ( Shenzhen) အခြေစိုက် Green Cycle Energy ကုမ္ပဏီသည် ဘီလာရုစ် ကာကွယ်ရေး ကန်ထရိုက်တာဖြစ်သည့်  BelOMO Holding ကုမ္ပဏီထံမှ LAD-21T လေဆာမော်ဂျူးများအတွက် အစိတ်အပိုင်း ၃၀၀၀  အား ဝယ်ယူရန် အော်ဒါကို ဒီဇင်ဘာ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဘယ်လာရုစ်နဲ့ တရုတ် ခေါင်းဆောင်များကို တွေ့ရစဉ်

ထိုလေဆာမော်ဂျူးများသည် လေဆာပဲ့ထိန်းဗုံးများနှင့် ဒုံးကျည်များတွင် ထည့်သွင်း အသုံးပြုနိုင်သည့် ပစ္စည်းများ ဖြစ်ပြီး ထိုပစ္စည်းများ အော်ဒါမှာယူမှုအတွက် ငွေပေးချေးမှုကို ယွမ်ငွေဖြင့် ပေးချေခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

အဆိုပါ အရောင်းအဝယ်ကိစ္စတွင် ရှန်ဟိုင်း (Shanghai) မြို့ရှိ ရုရှားနိုင်ငံပိုင် VTB ဘဏ်လည်း ပါဝင်ခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရုရှားစစ်တပ်အား လက်နက်များ ထောက်ပံ့ပေးမှုဖြင့် ဘီလာရုစ်၏ BelOMO ကုမ္ပဏီကို ဒီဇင်ဘာ ၅ ရက်က ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

သို့သော် တရုတ်၏ Green Cycle Energy နှင့် BelOMO ကုမ္ပဏီတို့သည် လေဆာအစိတ်အပိုင်းများ အရောင်း အဝယ်ကိစ္စအတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် ယွမ် ၅ ဒသမ ၅၆ သန်း တန်ကြေးရှိ အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ထို့ပြင် နောက်ထပ် တရုတ်၏ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် Morotack ကုမ္ပဏီသည်လည်း ဖေဖော်ဝါရီ ၁ ရက်က BelOMO ကုမ္ပဏီလုပ်ငန်းစု၏ Diaproektor ကုမ္ပဏီနှင့် ယွမ် ၁၁၄,၀၀၀ တန်ဖိုးရှိ စာချုပ် တစ်ခုကို ချုပ်ဆိုခဲ့ပြီး ထိုအရာင်းအဝယ်ကိစ္စတွင် ဘီလာရုစ်နှင့် တရုတ်ဘဏ်များ ပါဝင်ခဲ့သည်။

Source: Nikkei Asia