CNI International News

ဝါရှင်တန် ၊ ဇူလိုင် ၂၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့ပြီးနောက် ဒုတိယ သမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေချိန်တွင် ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့် (Donald Trump)က ဇူလိုင် ၂၃ ရက်တွင် ဝေဖန်ထိုးနှက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် မြောက်ကာရိုလိုင်းနား ( North Carolina) ပြည်နယ်၊ ရှားလော့ (Charlotte) မြို့တွင် မဲဆွယ်စည်းရုံးပွဲ ပြုလုပ်မည်ဖြစ်သည်။

ထိုပြည်နယ်သည် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ အဓိကယှဉ်ပြိုင်ရမည့် မဲယိမ်း ပြည်နယ် တစ်ခုဖြစ်သည်။ 

ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကမူ ဟားရစ်သည် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဖြစ်လာမည်ဆိုပါက ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသည်။

ဒေါ်နယ်ထရမ့်သည် သမ္မတ ဂျိုးဘိုင်ဒန်၏ စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများတွင် လက်ကိုင်တုတ် သဖွယ် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဇူလိုင် ၂၃ ရက်ကလည်း ထရမ့်က နယ်စပ်ဒေသ အရေးနှင့်ပတ်သက်ပြီး ၎င်း၏ မဲဆွယ်စည်းရုံးရေး အစီအစဉ်များကို သတင်းထောက်များအား ပြောကြားရာတွင် ရွှေ့ပြောင်းများ ဝင်ရောက်လာမှုအတွက် ဟားရစ်တွင်လည်း အနည်းနှင့်အများဆိုသလို တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“သူ (ဟားရစ်) က တစ်ယူသန် လက်ဝဲသမားဖြစ်ပါတယ်။ ဒီနိုင်ငံကို ဖျက်ဆီးမယ့် တစ်ယူသန် လက်ဝဲသမားကို အလိုမရှိပါဘူး။ သူက နယ်စပ်တွေကို ဖွင့်ပေးချင်နေပါတယ်။ ဘယ်သူကမှ မလုပ်ချင်တာတွေကို သူက လုပ်ချင်နေ ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ကာမယ်လာဟားရစ်ကို တွေ့ရစဉ်

ဇူလိုင် ၂၃ ရက်က ရိုက်တာနှင့် Ipsos တို့၏ လူထုသဘောထား ကောက်ယူမှု စစ်တမ်းများတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်းအနက် ဟားရစ်က ထရမ့်ထက် လူထုထောက်ခံမှုနှုန်း ၂ ရာခိုင်နှုန်း ပိုမိုများပြားနေသည်ကို ဖော်ပြခဲ့ သည်။

သို့သော် အခြားစစ်တမ်းများတွင်မူ ထရမ့်က ဟားရစ်ထက် ပိုမိုအသာစီးရသည့် ရလဒ်များ ထွက်ပေါ်ခဲ့သည်။

ထိုအချိန်အတောအတွင်း ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အများစုက ဟားရစ်သည် ဘိုင်ဒန်၏ နေရာကို အစားထိုးရမည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမှ နုတ်ထွက်သွားသည့် ဘိုင်ဒန်၏နေရာကို အစားထိုးရန် သီတင်းပတ် အနည်းငယ်သာ အချိန် ရမှုနှင့်အတူ ဒီမိုကရက်အများစုသည် ဟားရစ်ကို ထောက်ခံ နေကြသည်။

ထို့ကြောင့် လျင်မြန်ပြီး လက်တွေ့ကျသည့် ရွေးချယ်မှုပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။

Source: ရိုက်တာ