CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၆

ဘိုင်ဒန် နုတ်ထွက်သွားပြီးနောက် အမေရိကန်သမ္မတရွေးကောက်ပွဲသည် ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒုတိယသမ္မတ ကာမယ်လာဟားရစ် (Kamala Harris) တို့အကြား အပြန်အလှန် ဝေဖန်ထိုးနှက်မှုများဖြင့် ပြန်လည်အသက်ဝင်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် သမ္မတရွေးကောက်ပွဲကို ဝင်မပြိုင်တော့ကြောင်း ကြေညာ ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်မိန့်ခွန်းအား ဇူလိုင် ၂၄ ရက်က ပြောကြားခဲ့သည်။

ဘိုင်ဒန်၏ ဘဲဥပုံရုံးခန်း (Oval Office) အတွင်းမှ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် သူသည် ဒီမိုကရေစီကို ကယ်တင်ရန်အတွက် ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ထိုမိန့်ခွန်း မပြောကြားမီ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ထရမ့်က ဇူလိုင် ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ ဒီမိုကရက်တစ် ပြိုင်ဘက် ဟားရစ်ကို ဝေဖန် ထိုးနှက်ခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

ဟားရစ်သည် တစ်ယူသန် လက်ဝဲယိမ်းသည့် မိုက်မဲသူဖြစ်ကြောင်း ထရမ့်က တံဆိပ်ကပ်ခဲ့သည်။

ထရမ့်၏ မဲဆွယ်စည်းရုံးပွဲ မတိုင်မီ ၂ ရက်အလိုက ပြုလုပ်သည့် ဟားရစ်၏ မဲဆွယ်စည်းရုံးပွဲတွင် ဟားရစ်က ထရမ့်၏ တရားရေးအရှုပ်တော်ပုံများ၊ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများကို အဓိကထားပြီး ဝေဖန်ထိုးနှက်ခဲ့သည်။

သမ္မတဟောင်း ဘာရက် အိုဘားမား (Barrack Obama) သည် ဟားရစ်ကို ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံတော့မည်ဖြစ်ကြောင်း NBC News မှ ဖော်ပြခဲ့ပြီးနောက် ဟားရစ်၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုသည် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

ဘိုင်ဒန်ကလည်း ၎င်း၏ ပထမသက်တမ်းက စွမ်းဆောင်နိုင်ခဲ့မှု မှတ်တမ်းများအပေါ် အခြေခံပြီး နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံရန် ထိုက်တန်ကြောင်း၊ သို့သော် နိုင်ငံကိုချစ်သဖြင့် ပြိုင်ပွဲမှ ဘေးထွက်နေရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ကာမယ်လာဟားရစ်ကို တွေ့ရစဉ်

အသက် ၈၁ နှစ်အရွယ်ရှိ ဘိုင်ဒန်သည် အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံး သမ္မတဖြစ်ပြီး ၎င်း၏ နိုင်ငံတော် မိန့်ခွန်း ပြောကြားအပြီး၌ အိမ်ဖြူတော်အတွင်း ထောက်ခံသူများ၏ ဂုဏ်ပြုသံများ ထွက်ပေါ်လာခဲ့သည်။

ထရမ့်နှင့် ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ယခင်က ဘိုင်ဒန်ကို ဝေဖန်ထိုးနှက်ရန်သာ အာရုံစိုက် ပြင်ဆင်ခဲ့ ခြင်းဖြစ်သည်။

ထရမ့်သည် လက်ရှိတွင် ပြိုင်ဘက် ပြောင်းသွားခဲ့သဖြင့် ပြိုင်ဘက် အမျိုးသမီးဖြစ်သည့် ဟားရစ်ကို ဝေဖန်ထိုးနှက် ရန် ယခင်ကအစီအစဉ်များနှင့် မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ခဲ့ရသည်။

ဟားရစ်သည် ဒီမိုကရက်တစ်ပါတီ၏ ထောက်ခံမှုကို လျှင်မြန်စွာရရှိခဲ့ပြီး ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၄ ရက်အတွင်း ရန်ပုံငွေ ဒေါ်လာ ၁၂၆ သန်းကို လျှင်မြန်စွာ ရှာဖွေနိုင်ခဲ့သည်။

Source: ရိုက်တာ