CNI International News
ဂရင်းဘေး၊ နိုဝင်ဘာ ၁
အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများဖြစ်သည့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် လောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ် (Kamala Harris) တို့သည် နိုင်ငံကို ၂ ခြမ်းကွဲစေရန် လူထုကို စိတ်ဝမ်းကွဲပြားအောင် သွေးထိုးလှုံ့ဆော်နေကြောင်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စွပ်စွဲခဲ့၍ မဲဆွယ်စည်းရုံးနေကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလ နောက်ဆုံး သီတင်းပတ်ထဲသို့ ရောက်ရှိလာချိန် အောက်တိုဘာ ၃၀ ရက်က ထရမ့်နှင့် ဟားရစ်တို့အကြား အပြန်အလှန် ဝေဖန်ထိုးနှက် နေကြခြင်းဖြစ်သည်။
ထရမ့်သည် ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ်၊ ဂရင်းဘေး (Green Bay) မြို့တွင် အမှိုက်ကားရှေ့ခန်း၏ ခရီးသည် ထိုင်ခုံနေရာမှာထိုင်ပြီး လိမ္မော်ရောင် လုံခြုံရေးအင်္ကျီကို ဝတ်ဆင်၍ မဲဆွယ်စည်းရုံးခဲ့သည်။
ထို့နောက် ထရမ့်က ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ မှတ်ချက်စကားနှင့်ပတ်သက်ပြီး ဝေဖန် ပြောဆိုခဲ့သည်။
ဒီမိုကရက်တစ် ခေါင်းဆောင်များသည် ထရမ့်အား ထောက်ခံသူများကို မတူမတန်သလို ခံစားနေရကြောင်း ဘိုင်ဒန်က အောက်တိုဘာ ၂၉ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်ကမူ ဘိုင်ဒန်အနေဖြင့် သူ့ကိုယ်သူ ရှက်သင့်ကြောင်း၊ ဟားရစ်သည် ဘိုင်ဒန်၏ အပေါင်းပါ တစ်ဦးဖြစ်သဖြင့် အပြစ်ရှိကြောင်း၊ ၎င်းအား ထောက်ခံသူများသည် အမှိုက်သရိုက်များ မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဟားရစ်ကလည်း မြောက်ကာရိုလိုင်းနား (North Carolina) ပြည်နယ်တွင် ပြုလုပ်သည့် မဲဆွယ် စည်းရုံးပွဲ၌ ထရမ့်ကို လျစ်လျူရှုထားသင့်ကြောင်း၊ ထရမ့်သည် အမေရိကန်ပြည်သူများ၏ လိုအပ်ချက်ထက် ၎င်း၏ မကျေနပ်ချက်များကိုသာ အာရုံစိုက် လုပ်ဆောင်သူဖြစ်ကြောင်း မဲဆန္ဒရှင်များကို ပြောကြားခဲ့သည်။
"တကယ်လို့ ထရမ့်သာ ရွေးကောက်ခံရရင် ပထမဆုံးနေ့မှာတင် သူ့ရဲ့ ရန်သူတွေ စာရင်းကိုကိုင်ပြီး ရုံးခန်းထဲ ဝင်သွားမှာပါ။ ကျမသာ ရွေးကောက်ခံရမယ်ဆိုရင်တော့ လုပ်စရာရှိတဲ့ အလုပ်တွေကို စာရင်းပြုစုပြီး ရုံးခန်းထဲကို ဝင်မှာပါ" ဟု ဟားရစ်က ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်နှင့် ဟားရစ်တို့သည် အမေရိကန်ပြည်သူများကို စိတ်ဝမ်းကွဲစေပြီး နိုင်ငံကို ၂ ခြမ်းကွဲစေရန် သွေးထိုး လှုံ့ဆော်နေကြောင်း အပြန်အလှန် စွပ်စွဲပြောကြားခဲ့သည်။
မဲဆွယ်စည်းရုံးပွဲကာလ နောက်ဆုံး သီတင်းပတ်အတွင်း အောက်တိုဘာ ၂၅ ရက်က ရိုက်တာသတင်းဌာနက လုပ်သည့် စစ်တမ်းတွင် ဟားရစ်သည် လူထုထောက်ခံမှု ၄၄ ရာခိုင်နှုန်း၊ ထရမ့်သည် လူထုထောက်ခံမှုနှုန်း ၄၃ ရာခိုင်နှုန်းဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် ရလဒ်ထွက်ပေါ်ခဲ့သည်။
Source: ရိုက်တာ