CNI International News

လန်ဒန်၊ အောက်တိုဘာ ၂၄

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ လေဘာပါတီသည် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်နေကြောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က စွပ်စွဲခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လေဘာပါတီသည် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ် ( Kamala Harris) ၏ မဲဆွယ် စည်းရုံးရေးအဖွဲ့အတွက် တရားမဝင် ကူညီပေးမှုများ ရှိနေဖွယ်ရှိသဖြင့် ထိုကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားစာ တင်သွင်းခဲ့သည်။

ဗြိတိန်၏ နိုင်ငံရေး စေတနာ့ဝန်ထမ်းများသည် ရွေးကောက်ပွဲမတိုင်မီ အမေရိကန်သို့ ရောက်ရှိလာခဲ့ကြပြီး ဗဟိုလက်ဝဲယိမ်း လေဘာပါတီ၏ တက်ကြွလှုပ်ရှားသူများက ၎င်းတို့၏ ညီနောင်ပါတီဖြစ်သည့် ဒီမိုကရက်တစ် ပါတီကို ထောက်ခံခဲ့ကြကာ ဗြိတိန်၏ ကွန်ဆာဗေးတစ်များကမူ ရီပတ်ဘလစ်ကန်များကို ထောက်ခံပေးခဲ့သည်။

ကာမယ်လာဟားရစ်ကို တွေ့ရစဉ်

လေဘာပါတီ၏ ထိပ်သီးအကြံပေးပုဂ္ဂိုလ် အချို့သည် မကြာသေးမီ လများအတွင်းက ဒီမိုကရက်တစ် အကြံပေး များနှင့်တွေ့ဆုံရန် အမေရိကန်သို့ သွားရောက်ခဲ့သည်ဟု အမည်မဖော်လိုသည့် ဗြိတိန်အရာရှိများက ရိုက်တာကို ပြောကြားခဲ့သည်။

လေဘာပါတီသည် ဇူလိုင်လက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ၂၀၁၉ ခုနှစ်က ၎င်းတို့ အနိုင်မရခဲ့သော စက်မှုနယ်မြေများ အားလုံးနီးပါး၌ အနိုင်ရခဲ့သော အခြေအနေကို အမေရိကန် ဒီမိုကရက်များနှင့် ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။

လေဘာပါတီခေါင်းဆောင် စတာမာကမူ နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ထရမ့် အနိုင်ရရှိသွားမည်ဆိုပါက ၂ နိုင်ငံ ဆက်ဆံရေးများ ထိခိုက်စေလိမ့်မည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး လေဘာပါတီ ထောက်ခံသူများသည် ကိုယ့်စားရိတ်နှင့်ကိုယ် အကုန်အကျခံပြီး စေတနာ့ဝန်ထမ်းအဖြစ် လှုပ်ရှား ပေးနေကြခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က တိုင်ကြားစာ တင်သွင်းမှုသည် အခြေအနေကို ရှုပ်ထွေးသွားစေနိုင်သည်။

ဗြိတိန်၏ လက်ယာယိမ်း နိုင်ငံရေးသမား နိုက်ဂျယ် ဖရာ့ချ် (Nigel Farage) ၊ ယခင်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် (Boris Johnson)တို့နှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သည့် ထရမ့်သည် စက်တင်ဘာလအတွင်းက အမေရိကန်ရှိ Trump Tower တွင် စတာမာနှင့် တွေ့ဆုံခဲ့ချိန်က စတာမာကို ချီးကျူးစကားပြောဆိုခဲ့သည်။

"အခုဖြစ်စဉ်ဟာ အာဏာရ လေဘာပါတီက အမေရိကန်ရွေးကောက်ပွဲကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်တာ ဖြစ်ပါတယ်။ ဒါဟာ ဆင်ခြင်ဉာဏ် ကင်းမဲ့ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ ထရမ့်သာ အနိုင်ရသွားမည် ဆိုရင် အခုလုပ်ရပ်အတွက် ဘယ်သူက တာဝန်ခံမှာလဲ" ဟု ဖရာ့ချ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

Source: ရိုက်တာ