CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၉

ဘဏ္ဍာရေးဆိုင်ရာ ခေါင်းဆောင်များက နိုဝင်ဘာလတွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် (Donald Trump)တစ်ကျော့ပြန် အာဏာရရှိလာခြင်း၏ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများ အပေါ် စိုးရိမ်လျက်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ထရမ့်သည် လူထုဆန္ဒကောက်ယူမှု စစ်တမ်းများအတွင်း ဦးဆောင်လာ ခြင်းသည် ဝါရှင်တန်တွင် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဗဟိုဘဏ် အဖွဲ့ဝင်များနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများအကြား လတ်တလော ဆွေးနွေးပွဲများအတွင်း အဓိကခေါင်းစဉ်တစ်ရပ် ဖြစ်လာခဲ့သည်။

စိုးရိမ်ဖွယ် ကိစ္စရပ်များတွင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေမည့် ထရမ့်၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု၊ ဒေါ်လာထရီလျံချီ ချေးငွေထုတ်ပေးမှုနှင့် ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းကြောင့် ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်သည့် အားထုတ်ကြိုးပမ်းမှုများကို အချည်းနှီး ဖြစ်စေ နိုင်မည့် အရေးများ ပါဝင်သည်။

ဘဏ္ဍာရေးခေါင်းဆောင်တစ်ဦးကို တွေ့ရစဉ်

"လူတိုင်းက လာမယ့်သမ္မတ ဘယ်သူဖြစ်လာနိုင်တယ်ဆိုတာနဲ့ သမ္မတသစ်က ဘယ်လိုမူဝါဒတွေ ချမှတ်သွား မလဲဆိုတာနဲ့ပတ်သက်ပြီး မရေရာမှုတွေအပေါ် စိုးရိမ်နေပုံရပါတယ်"ဟု ဂျပန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ကာဇူအူဒါ(Kazuo Ueda)က ပြောကြားခဲ့သည်။

အမည်မဖော်လိုသည့် နောက်ထပ် ဗဟိုဘဏ်အဖွဲ့ဝင်တစ်ဦးက "ထရမ့် အနိုင်ရလာလိမ့်မယ်ဆိုပြီး စတင် ခံစားလာရပါတယ်"ဟု ပြောခဲ့သည်။

ထရမ့်သည် နိုင်ငံအားလုံးမှ သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်ရန်နှင့် တရုတ်မှ သွင်းကုန် များကို အကောက်ခွန် ၆၀ ရာခိုင်နှုန်း သတ်မှတ်သွားရန် ကတိပြုထားသည်။ ထိုနှုန်းထားသည် ကမ္ဘာတစ်ဝန်းရှိ ထောက်ပံ့ရေး ကွင်းဆက်များကို ထိခိုက်နိုင်ဖွယ်ရှိသည်။

ဂျာမနီဘဏ္ဍာရေးဝန်ကြီး ခရစ်ရှန်လင်နာကို တွေ့ရစဉ်

ဂျာမနီဘဏ္ဍာရေးဝန်ကြီး ခရစ်ရှန်လင်နာ(Christian Lindner)က ထိုအစီစအဉ်သည် အမေရိကန်-အီးယူ ကုန်သွယ်ရေးစစ်ပွဲတွင် နစ်နာသူများ ရှိလာလိမ့်မည်ဟု အောက်တိုဘာ ၂၅ ရက်တွင် သုံးသပ်ထားသည်။

ဆန့်ကျင်ဘက် အနေဖြင့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ်(Kamala Harris) အနိုင် ရရှိခဲ့လျှင် သူသည် လွန်ခဲ့သည့် ၄ နှစ်ကျော်က သမ္မတဂျိုးဘိုင်ဒန်(Joe Biden)၏ အားထုတ်ကြိုးပမ်းမှုများဖြစ် သည့် ရာသီဥတု ပြဿနာများ၊ ကော်ပိုရိတ်အခွန်များ၊ ကြွေးမြီသက်သာခွင့်နှင့် ဖွံ့ဖြိုးရေးဘဏ် ပြောင်းလဲရေး စသည့် ကိစ္စရပ်များကို အခြားနိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ဟားရစ်၏ အစီအစဉ်တွင် ကြွေးမြီတိုးမြှင့်ရန် အစီအစဉ် ရှိနိုင်သော်လည်း ထိုအစီအစဉ်သည် ထရန့်၏ ဖြစ်လာနိုင်သည့် အစီအစဉ်များထက် များစွာ လျော့နည်းနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

Source: Reuters