CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)သည် မကြာခင်တွင် အညာဒေသ၌ စစ်ဆင်ရေးများ ဖော်ဆောင် နိုင်တော့မည်ဟု အသိပေးလာခြင်းကြောင့် အညာဒေသ ဘယ်လိုဖြစ်ပေါ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ်နေကြသည်။
BPLA ခေါင်းဆောင် မောင်ဆောင်းခက ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊ ညီနောင် မဟာမိတ်(၃) ဖွဲ့၏ ဦးဆောင်မှုအောက်မှာ မိမိတို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ အများကြီး တိုးတက်ဖြစ်ထွန်း ခဲ့ကြောင်း၊ ထိုကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးဟု ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသားထုတ်ပြန်ခဲ့သည်။
၎င်းက “ပြည်သူတွေကို အသိပေးချင်တာ တစ်ခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေး တွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော် လင့်ပါတယ်”ဟု ပြောသည်။
BPLA ရဲ့ အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို တွေ့ရစဥ်
အညာဒေသကို စစ်ဆေင်ရေးများ ဖော်ဆောင်လာပါက ပိုမိုဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၁၀၂၇ ကိုပဲ အစကနေ ပြန်ကြည့်လိုက်လို့ရှိရင် အဲဒီဖြစ်စဥ်တစ်ခုလုံးမှာ တော်တော်များများ နေရာအနှံ့ကို ဝင်ပြီးတော့ ဟိုဘက်ပြောင်းရွှေ့လိုက်၊ ဒီဘက်ပြောင်းရွှေ့တိုက်လိုက် လုပ်နေတာက ခုအညာဒေသက PDF တွေ က အများဆုံးဖြစ်တယ်။ တကယ်တမ်း တိုက်ပွဲကြီးရှည်လာတဲ့ အချိန်ကျရင် ထိခိုက်နစ်နာမှု အများဆုံးနဲ့ ဆုံးရှုံးမှု အများဆုံးဟာ အညာဒေသက PDF တွေပဲ။ အဲတော့ သူတို့က ဘယ်အင်အားစုကို စုပေါင်းပြီးတော့ လုပ်မှာလဲ ပေါ့လေ၊ အဲဒါကတော့ စဥ်းစားစရာ တစ်ချက်ရှိတယ်။ အဲတော့ အခုလောလောဆယ်မှာတောင်မှ ထိခိုက်နစ်နာမှု အများဆုံးနဲ့ ကြုံနေရတဲ့ ပုံစံကနေ ထပ်ပြီးတော့သူတို့က စစ်ဆင်ရေး လုပ်မယ်ဆိုတာမျိုး စဥ်းစားခဲ့ရင် ပိုပြီးတော့ ဆိုးပြီးတော့ ဒီထက်မမျှော်မှန်းနိုင်တဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ကြုံတွေ့ဖို့ပဲ ရှိပါလိမ့်မယ်”ဟု ပြောသည်။
နိုင်ငံရေးခံယူချက်များ၊ မူရင်းဦးတည်ခဲ့သော ရည်ရွယ်ချက်များ လွဲမှားကာ စစ်ဆင်ရေးများ ဖော်ဆောင်လာပါက အောင်မြင်ခြင်းမရှိ ကိုယ့်နယ်မြေကို ပြန်၍ဖျက်စီးနေသလိုပင် ဖြစ်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
BPLA ခေါင်းဆောင် မောင်ဆောင်းခနဲ့ KNU ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲကို တွေ့ရစဥ်
BPLA အနေဖြင့် အဓိကအားဖြင့် ပါဝင်မည်ဖြစ်သော စစ်ဆင်ရေးများမှာ ရှမ်း-မန်း စစ်ဆင်ရေးနှင့် စစ်ကိုင်းတိုင်း အတွင်း ဝင်ရောက်မှာဖြစ်ပြီး လက်နက်ခဲယမ်းသော်လည်းကောင်း၊ လူအင်အားသော်လည်းကောင်း မြောက်ပိုင်း ညီနောင်အဖွဲ့များဆီမှ ရရှိမည်ဟု ယုံကြည်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “MNDAA နဲ့လည်း တွဲဖက်ပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်တယ်၊ တအာင်းနဲ့လည်း တအာင်းအဖွဲ့နဲ့ လည်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာတွေ ရှိတယ်ဆိုတော့ အဓိကအားဖြင့် သူတို့ပါဝင်မှာဟာ ရှမ်း-မန်း စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်ပြီးတော့ စစ်ဆင်ရေးတွေ လုပ်မှာပါ။ အဲတာကလည်း အခြေအနေ အရ တကယ်လိုအပ်တဲ့ အနေအထားဖြစ်ပါတယ်။ TNLA ရဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ဆက်လက်ပြီး အောင်မြင် အောင် တွန်းတင်ဖို့။ သူတို့အနေနဲ့ MNDAA နဲ့ပေါင်းပြီး တပ်မတစ်ခု ဖွဲ့ခဲ့တဲ့ အနေအထားလည်း ရှိခဲ့ဖူးပါတယ်၊ TNLA နဲ့လည်း ပေါင်းစပ်ခဲ့ဖူးတော့ အဲဒီညီနောင်သုံးဖော်ဆီကနေပဲ လက်နက်၊ အင်အားတွေ၊ တစ်စုံတရာ အားရှိ နိုင်မယ့် အနေအထားတွေ ရရှိနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ထိုသို့ အညာဒေသတွင် စစ်ဆင်ရေးများ ပြုလုပ်လာလျှင် ဖြစ်ပေါ်လာမည့် တိုက်ပွဲများကြောင့် အညာဒေသရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များအား ကာကွယ်ရန် စဥ်းစားနိုင်ခြင်းမရှိသေးဘဲ မြန်မာ့တပ်မတော် ဘက်မှ တိုက်ခိုက်လာမည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဝင်ရောက်လာနိုင်သော ထိုးစစ်များအား ပြန်လည်ခုခံရန် သာ စဥ်းစားနိုင်သေးမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသုံးသပ်ကြသည်။
BPLA တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်
အလားတူ အညာဒေသမှာ BPLA စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်လာပါက စစ်အရှိန်မြှင့်ကာ လူသေဆုံး ထိခိုက် ပျက်စီးမှုများနှင့် နေအိမ် အဆောက်အအုံများ ပျက်စီးမှု ပိုများလာနိုင်ကြောင်း၊ ဒေသတွင်း ကုန်သွယ်ရေးနှင့် စိုက် ပျိုးရေး လုပ်ငန်းများလည်း ထိခိုက်မှုများ ရှိလာနိုင်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။
BPLA ကို မောင်ဆောင်းခက ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့မှာ အာရက္ခတပ်တော်(AA)နှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)၏ ထောက်ပံ့ကူညီမှုဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့နောက် KNU၊ AA တို့နှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် ပူးတွဲတိုက်ပွဲများ ဖော်ဆောင်ကာ စစ်ရေး အတွေ့အကြုံများ ရယူခဲ့သလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)တို့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာလည်း ပူးတွဲတိုက်ခိုက်ကာ စစ်ရေးအတွေ့အကြုံများ ရယူခဲ့သည်။
လက်ရှိတွင် BPLA သည် AA၊ KNU၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(ကိုးကန့်- MNDAA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကျောင်းသားလက်ရုံးတပ်ဖွဲ့(SAF)၊ ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု(မကွေး) စသည့် အင်အားစုများဖြင့် မဟာမိတ်လုပ်ထားသည်။
BPLA သည် KNU နှင့် MNDAA ထိန်းချုပ်နယ်မြေများတွင် စစ်ရေး အခြေစိုက်ကာ စစ်ဆင်ရေးများကို ဖော်ဆောင် ၍ မြန်မာ့တပ်မတော်အား တိုက်ခိုက်လျက်ရှိသည်။