CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃၀

စာသင်ကျောင်းများသို့ ပြန်လည် ဝင်ရောက်ရန် ရွေးချယ်ကြခြင်းမှာ ကလေးငယ်တိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုရမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)က ယနေ့ (မေလ ၃၀ ရက်) ထုတ်ပြန် ပြောကြား ခဲ့သည်။

လက်ရှိ မြန်မာပြည်တွင် နစက လက်အောက်ရှိ စာသင်ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံ လျက်ရှိရာ ကလေးငယ်များ ကျောင်းမတက်ဘဲ နေကြရန် တိုက်တွန်းခြင်း၊ ကျောင်းတက်သည့် ကလေးငယ်များနှင့် ကျောင်းအပ်သည့် မိဘများကို လူမှုရေးပြစ်ဒဏ်ခတ်မည်ဟု တိုက်တွန်းခြင်းများ ရှိနေသည်။

BPLA က “ပညာရေးတွင် ကလေးငယ်များနှင့် လူငယ်များ၏ ပညာရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပံ့ပိုးပေးရန် လိုအပ် ချက်ကို ရေရှည်တွင် လျစ်လျူရှု၍ မရစကောင်းပါ၊ စာသင်ကျောင်းများသို့ ပြန်လည် ဝင်ရောက်ရန် ရွေးချယ်ကြခြင်းမှာ လည်း ကလေးငယ်တိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုရမည်။ သို့ဖြစ်ရာ BPLA အနေနှင့် ရေရှည်ကို မျှော်ရည်ပြီး ပညာရေးနှင့်ပတ်သက်သော ရပ်တည်ချက်များကို ရှင်းလင်းစွာ ထုတ်ပြန်လိုပါသည်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဖက်ဆစ်ဖိနှိပ်ခံပညာရေးစနစ် ယန္တရားကျောင်းများသို့ မသွားရောက်ဘဲ အစားထိုး ရွေးချယ်စရာနည်းလမ်းဖြင့် ပညာသင်ပေးသော တော်လှန်ပညာရေးများကို BPLA အနေဖြင့် များစွာ အားပေးထောက်ခံပါကြောင်း၊ သို့ရာတွင် ထိုအခွင့် အလမ်းများနှင့် အစားထိုး ဆောင်ရွက်ချက်များကို လက်လှမ်းမမီ၊ မတတ်နိုင်သောကြောင့် ကျောင်းသို့ ပြန်လည် ပို့ ဆောင် ရသော မိဘပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ/ဆရာမနှင့် စာသင်ကျောင်းများ၏ လုံခြုံရေးကို လုံးဝရန်ပြု ထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နည်းတူပင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုခြင်းကို လုံးဝရှောင်ကျဉ်ကြမည်ဟု သန္နိဌာန် ချထားကြသော မိမိတို့နှင့် တစ်လှေတည်းစီး တစ်ပြည်လုံး တော်လှန်ရေး ရဲဘော်ရဲဘက် များနှင့်အတူ BPLA က ခိုင်မာစွာ ရပ်တည်သွားပါမည်ဟုလည်း ဆိုထားသည်။

လက်ရှိတွင် နစကက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံ လျက်ရှိပြီး ယနေ့ (မေလ ၃၀ ရက်)ထိ ကျောင်းသား/သူ ၄၈ သိန်းကျော် ကျောင်းအပ်နှံလာကြကြောင်း ထုြတ်ပန်ထား သည်။

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အဖြစ် ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။