CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားလာသည့် ကာလအတွင်း ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ တိုက်ခိုက်ခံရခြင်းကြောင့် ဆရာ/ဆရာမ ၄၀ ဦးသေဆုံးပြီး ၁၁ ဦးပျောက်ဆုံးနေကာ ၁၄ ဦး ဒဏ်ရာရရှိ ကြောင်း နစက-က ယနေ့ (ဇွန်လ ၉ ရက်) ထုတ်ပြန်ခဲ့သည်။

အဆိုပါ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက် အတွင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၁၈ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရကာ ၁၁ ဦး ပျောက်ဆုံးနေကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၁ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၁၁ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၇ ဦး အသတ်ခံရ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၂ ဦး အသတ်ခံရပြီး ၂ ဦးဒဏ်ရာရကြောင်း၊ မွန်ပြည်နယ်တွင် ဆရာ/ဆရာမ ၁ ဦး အသတ်ခံရကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည့် ဒေသများတွင် ဆရာ/ဆရာမများ တိုက်ခိုက်ခံရခြင်း မရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေသလို ပညာရေးဝန်ထမ်းများလည်း တိုက်ခိုက်မှုများ ခံနေကြရသည်။