CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးများ ဖော်ဆောင်လာနိုင်တော့မည်ဟု BPLA ခေါင်းဆောင် မောင်ဆောင်းခက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရေးသား ထုတ်ပြန်ကြေညာခဲ့သည်။

ထိုနေ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် နေ့ဖြစ်သည်။

ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ဦးဆောင်မှုအောက်မှာ မိမိတို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ကြောင်း၊ ထိုကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဟု မောင်ဆောင်းခက ရေးသားခဲ့သည်။

၎င်းက “ပြည်သူတွေကို အသိပေးချင်တာ တစ်ခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေး တွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော် လင့်ပါတယ်”ဟု ပြောသည်။

သို့သော် မည်သည့် အညာဒေသများတွင် စစ်ဆင်ရေးများ ဖော်ဆောင်မည်ကိုတော့ တိတိကျကျ မောင်ဆောင်းခ က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

BPLA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်တချို့မှာ တပ်ဖွဲ့ စုစည်းမှုများ လုပ်ဆောင်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ စုဖွဲ့မှု အင်အား အနည်းငယ်ကျစ်လစ်လာခြင်း ကြောင့် စစ်ဆင်ရေးများ လုပ်ဆောင်ရန် အသိပေးလာခြင်းဖြစ်ကြောင်း BPLA နှင့် နီးစပ်သူများက ပြောသည်။

BPLA တပ်ဖွဲ့ကို တွေ့ရစဉ်

BPLA ကို မောင်ဆောင်းခက ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့မှာ အာရက္ခတပ်တော်(AA)နှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)၏ ထောက်ပံ့ကူညီမှုဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့နောက် KNU၊  AA တို့နှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် ပူးတွဲတိုက်ပွဲများ ဖော်ဆောင်ကာ စစ်ရေး အတွေ့အကြုံများ ရယူခဲ့သလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)တို့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာလည်း ပူးတွဲတိုက်ခိုက်ကာ စစ်ရေးအတွေ့အကြုံများ ရယူခဲ့သည်။

လက်ရှိတွင် BPLA သည် AA၊ KNU၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(ကိုးကန့်- MNDAA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကျောင်းသားလက်ရုံးတပ်ဖွဲ့(SAF)၊ ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု(မကွေး) စသည့် အင်အားစုများဖြင့် မဟာမိတ်လုပ်ထားသည်။

BPLA သည် KNU နှင့် MNDAA ထိန်းချုပ်နယ်မြေများတွင် စစ်ရေး အခြေစိုက်ကာ စစ်ဆင်ရေးများကို ဖော်ဆောင် ၍ မြန်မာ့တပ်မတော်အား တိုက်ခိုက်လျက်ရှိသည်။