CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၄
မြန်မာနိုင်ငံ၏ အနောက်ဖက် အကျဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်သည် အနောက်ဖက်တံခါး ထွက်ပေါက် ဖြစ်သောကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ အရေးပါကြောင်း ချင်းပြည်သစ် ကွန်ဂရက်ပါတီ(NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ ချင်းပြည်နယ်က တောင်နဲ့မြောက်နဲ့ အလျားလိုက် သွယ်တန်းပြီးတော့ အနောက်ဖက် တံခါးပဲပေါ့။ အနောက်ဖက်တံခါး ဖြစ်တဲ့အတွက် ကျနော်တို့ချင်းမှာ အိန္ဒိယနဲ့လည်း ဆက်စပ်နေတယ်။ နောက်ပြီး တော့ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ထိစပ်နေတယ်။ အဲဒီလိုဖြစ်တယ်။ နောက် ရခိုင်ပြည်နယ်ပေါ့။ အာရက္ခတပ်တော်တို့ ထိန်းချုပ်တဲ့ နယ်မြေတွေနဲ့ဆိုလည်း ကျနော်တို့ မိုင် ၁၀၀ လောက် ဆက်စပ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ဆိုရင်တော့ ၄၆ မိုင်လောက် နယ်မြေချင်း ထိစပ်နေတယ်။ ကျနော်တို့ ပလက်ဝ တစ်ခုတည်းတင် အိန္ဒိယနဲ့ ဆက်စပ်တဲ့ ဧရိယာ က ၄၅ မိုင်လောက်ရှိတယ်။ အပေါ်ဘက်အခြမ်းဆို အိန္ဒိယနဲ့ ဆက်စပ်တဲ့ မိုင် တော်တော်များပါတယ်။ အဲဒီလိုဆို တော့ မြန်မာပြည်ရဲ့ အနောက်ဘက်တံခါး ဖြစ်တဲ့အတွက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နောက်ပြီးတော့ ဒီဘက်က အခု ရခိုင်နဲ့ အဲဒီလိုဆက်စပ်တဲ့ ဧရိယာတွေများတဲ့အတွက် မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အနောက်ဖက်တံခါး လည်း ဖြစ်ပါတယ်”ဟု ပြောသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ချင်းပြည်နယ်သည် နွေဦးတော်လှန်ရေး၏ အဓိက ခံတပ်ကြီးတစ်ခု ဖြစ်လာခဲ့ကာ ဒေသခံကာကွယ်ရေးတပ်(CDF/CNA) များ၏ ခုခံမှုသည် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း၌ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ချင်းပြည်နယ် ဟားခါးမြို့ကို တွေ့ရစဉ်
ထို့ကြောင့် ချင်းပြည်နယ်၏ အခြေအနေသည် တစ်နိုင်ငံလုံး၏ စစ်ရေး၊ နိုင်ငံရေးအပေါ် သက်ရောက်မှု ကြီးမားစွာ ရှိနေပြီး အိန္ဒိယ၏ Act East Policy အောင်မြင်ရန်အတွက် ချင်းပြည်နယ်သည် မရှိမဖြစ် လိုအပ်ကြောင်းလည်း သိရသည်။
ချင်းပြည်နယ် မတည်ငြိမ်ပါက မြန်မာနိုင်ငံ၏ အနောက်ဘက် တံခါးပေါက်သည် ပိတ်သွားမှာ ဖြစ်ကြောင်းလည်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်သည် ချင်းပြည်အရေးကို အလေးထား ကြိုးစား နေကြောင်း၊ ချင်းပြည် အရင်းအမြစ်သည် တစ်နိုင်လုံး၏ အောင်မြင်မှုကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်။
အိန္ဒိယ၏ အကျိုးစီးပွားသည် ချင်းပြည်နယ်ပေါ်တွင် အများကြီး မူတည်နေကြောင်း၊ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောသကဲ့သို့ ဖြစ်လာမည်ဆိုပါက အန္တရာယ်များကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထဝီ အနေအထားရ ချင်းပြည်နယ်က အချက်အချာကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လေ။ အဲဒါ ကြောင့် အရေးပါတယ်လို့ ပြောလို့ရပါတယ်။ အိန္ဒိယနဲ့ ဆက်စပ် တည်ရှိနေတာကို။ ကျနော်တို့ နိုင်ငံက ကုလားနဲ့ တရုတ်ကြားမှာ ညပ်နေတာလေ။ ဆိုတော့ ကုလားရဲ့ အကျိုးစီးပွားက ချင်းပြည်နယ်အပေါ်မှာ အများကြီး မူတည် တယ်လေ။ ကုလားရဲ့ လုံခြုံရေးနဲ့ သူ့ရဲ့အကျိုးစီးပွားက ချင်းပြည်နယ်အပေါ်မှာ အများကြီး မူတည်ပါတယ်။ သယံဇာတ မရှိပေမယ့် ဒုတိယကမ္ဘာစစ်ကြီးကတောင် ချင်းပြည်နယ်ကို ဖြတ်လိုက်ရတယ်လေ။ ပထဝီအနေထား အရ၊ စစ်ရေးအရ အရေးကြီးတယ်လေ နေရာတစ်ရပ်။ သူပြောသလို ဖြစ်လာရင်တော့ အန္တရာယ်များပါတယ်။ တော်တော် အန္တရာယ်ကြီးပါတယ်” ဟု ပြောသည်။

မြန်မာ-အိန္ဒိယ လီဒိုလမ်းကိုတွေ့ရစဉ်
လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကသုံးလုံး(ကန့်ဘလူ-ကောလင်း -ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်၍ ထိန်းချုပ်ပြီးလျှင် မြောက်ပိုင်းဒေသနှင့် အောက်ပိုင်း ဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ထုတ်ဖော် ပြောဆိုလာသည်။
လတ်တလောမှာတော့ KIA သည် အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ နာဂလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ NUG၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ရန် ကသုံးလုံး စစ်ဆင်ရေးနှင့် တခြားသော စစ်ဆင်ရေးများ ကို ဖော်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက်ကို KIA ထိန်းချုပ်နိုင်ခဲ့ပါက ကုန်းတွင်းပိတ် ဒေသကနေ ပင်လယ် ထွက်ပေါက်အထိ ရရှိသွားမည်ဖြစ်ကာ အနောက်အုပ်စုများနှင့် ဥရောပအထိ သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်မည်ဖြစ်သည်။
ထို့နောက် KIA သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမှသည် ခွဲထွက်ရေးအထိ အကောင်အထည် ဖော်လာနိုင်သော အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
မိမိတို့ အနေဖြင့် ခွဲမထွက်ဘူးဟု ကတိမပေးနိုင်ကြောင်း ၂၀၁၈-၂၀၁၉ ခုနှစ်က ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြန်လည် ပြောပြခဲ့သည်။
