CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၄

မြန်မာနိုင်ငံရှိ လက်နက်ကိုင်ထားသော အဖွဲ့အစည်းများသည် ပြည်သူလူထုအတွက် တကယ်လုပ်နေသလား မိမိ ကိုယ်ကျိုးအတွက် လုပ်နေသလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက မေးခွန်းထုတ်လာကြသည်။

လက်နက်ကိုင်နေသည့် မည်သူမဆို အကုန်လုံး ပြည်သူလူထုအတွက်ပါဟု ကြားကောင်းအောင် ပြောကြကြောင်း၊  တကယ် ပြည်သူလူထုအတွက် လုပ်နေသည်ပြောပြီး ပြည်သူလူထုသာ ခံနေရကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်သူလူထုက အဓိကပဲလေ။ လက်နက်ကိုင်နေတဲ့သူတွေ အကုန်လုံးကလည်း ဒါအကုန်လုံးက ဘယ်သူ မဆို သူကပြောနေတာ သူ့ပြည်သူလူထု အတွက်ပါလို့တော့ ကြားကောင်းအောင် ပြောနေကြတဲ့ သူတွေကြီးပဲ။ ဆို တဲ့အခါကြတော့ တကယ် ပြည်သူလူထုအတွက်က လုပ်နေပါတယ်လို့ ပြောပြီးတော့မှ ဘာဖြစ်လို့ ပြည်သူလူထု ကြီးပဲ ခံနေရပြီးတော့မှ ဒုက္ခတွေပဲ ပွေလီနေရတာလဲ ဆိုတာလဲ တစ်ချက်လောက်တော့ ပြန်စဉ်းစားအုန်းပေါ့နော်။ တစ်ခါတစ်လေကျတော့ ပြောတာကတော့ လူထုအတွက်ပဲ လူထုအတွက် လုပ်နေတယ်၊ လူထုအတွက် တော်လှန် နေတယ်၊ ဟိုကလည်း လူထုအတွက် ကာကွယ်နေတယ် ဆိုပြီးတော့မှ လုပ်ကြပေသော်ငြားလည်း၊ ဒါလူထုက လူထုချည်းပဲ ခံနေရတာပဲ။ အဲ့ဒီဟာတွေ အကုန်လုံးကို သေချာပြန်စဉ်းစားပြီးတော့မှ ပြဿနာရှိလို့ရှိရင် အဖြေက လည်း ရှိတာပဲ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်နဲ့ လက်ညိုးထိုးပြီး အပစ်ဖို့နေတဲ့ ဟာကိုက ပြဿနာဖြစ် နေတာ။ အခုလောလောဆယ်က တကယ်ကို ပြောင်းလဲချင်တဲ့ စိတ်ပေါ့နော်၊ တကယ်ကို ကောင်းမွန်စေချင်တဲ့ စိတ်ရှိတယ် ဆိုလို့ရှိရင် ဒါတွေက ခဲယဉ်းတဲ့ကိစ္စတွေ မဟုတ်ဘူးပေါ့နော်။ အဲ့ဒီလို မဟုတ်ပဲနဲ့ကိုက အချင်းချင်း တိုင်ပတ်နေကြတဲ့ အတွက်ကြောင့်မို့လို့ လက်ရှိ ဖြစ်နေတဲ့ဟာကြီးက နှစ်ပေါင်းက ဒီလောက်ကြာနေတာပေါ့။ ဒီပြည်တွင်းစစ်ရဲ့ ဒဏ်ကြီးကလည်း အဲ့ဒီလိုပဲ မစားရဝကမန်းတွေ များလာတော့တဲ့ အခါကြတော့ ဘယ်သူမှ လည်း သိပ်ယုံလှချည်တော့ မရှိတော့ပါဘူး။ ဆိုတော့ တစ်ခါလောက်တော့ ယုံချင်ပါတယ်လို့ ယုံအောင်လေး လုပ်ကြပေးပါလို့ အဲ့ဒီသေနတ် ကိုင်ထားသော ပုဂ္ဂိုလ်များကို တောင်းဆိုချင်တာပေါ့ ဒီလောက်ပါပဲ”ဟု ပြောသည်။

လက်နက်ကိုင်များ ညီလာခံကျင်းပနေစဉ်

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း၌  လက်နက်ကိုင်ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာခဲ့ကြောင်း၊ ယခင်က တိုက်ပွဲများ မဖြစ်ဖူးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာကြောင်း၊ လက်နက်ကို လက်နက်ဖြင့် ဖြေရှင်းခြင်းက ဒီတစ်သက် မပြောနှင့် နောင်ဆယ်သက်လည်း မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၄ သန်းကျော်ရှိပြီး နေအိမ်များ မီးလောင်မှု သိန်းနှင့်ချီ ရှိသလို အရပ်သား ပြည်သူများ သေဆုံးမှုများလည်း အများအပြား ရှိနေသည်။

တိုင်းပြည်အတွက် တကယ့်ကို မိမိစိတ်ကူးထားသော နိုင်ငံတော်ကြီးက ဘယ်လိုမျိုးလဲ ပွင့်ပွင့်လင်းလင်း  စကား နှင့် ငြင်းခုန်ခြင်းက အကောင်းဆုံးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

NCA လက်မှတ်ထိုးနေကြစဉ်

၎င်းက “တစ်ယောက်နဲ့တစ်ယောက်နဲ့ သူ့ဘက်က အသက်တွေ၊ ကိုယ်ဘက်က အသက်တွေ စစ်ဖြစ်တယ်ဆိုတာ အသက်တွေနဲ့ သွားနေရတာကို။ အသက်တွေ၊ ပိုက်ဆံတွေနဲ့ သွားရတာပေါ့နော်။ ဒီတိုင်း အလကား ထိုင်တိုက် နေလို့ရတဲ့ကိစ္စမှ မဟုတ်တဲ့ ကိစ္စကို။ အဲ့ဒီလိုမျိုး ဖြစ်မဲ့အစား တိုင်းပြည်အတွက်ကို တကယ့်ကို ကိုယ်တွေ စိတ်ကူး ထားသော နိုင်ငံတော်ကြီးက ဘယ်လိုမျိုးဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်း တစ်ယောက်နဲ့တစ်ယောက်နဲ့ စကားနဲ့ ငြင်းခုန်တာတော့ အကောင်းဆုံးပေါ့။ ငါ့စကားနွားရ မဟုတ်ဘဲနဲ့ သူပြောတဲ့ဟာက တကယ်ကို အကျိုးအကြောင်း ဆီလျှော်တယ်ဆိုရင် လက်ခံတတ်တဲ့အကျင့်၊ လက်ခံတတ်တဲ့ စိတ်နှလုံးလေးလည်း ထားတယ်ဟေ့ ဆိုလို့ရှိရင် ဘယ်လောက်ငြင်းငြင်းပါ ငြင်းတာတွေက ပြဿနာ မဟုတ်ဘူးလေ။ အဖြေရှာဖို့အတွက် ငြင်းကျတာ ဖြစ်တာဆို တဲ့ ခံယူချက်လေးနဲ့ ငြင်းမယ်ဟေ့ ဆိုလို့ရှိရင်တော့ ဒါနှစ်ပေါင်း ၇၀ ကျော်ကြာလာတာ တောက်လျောက် ငါတို့ ဆွေးနွေးသွားကြမယ်။ အလကားနေရင်း ဒီတိုင်း လုပ်နေတာထက်စာရင်။ ပြည်သူလူထု ထိခိုက်တာပဲ အဖက်တင် တယ်ဆိုတဲ့ အဲ့ဒီ ခံစားချက်ကို တကယ်ဝင်ပြီဟေ့ဆိုရင် ဘာမှ မငြင်းရဲစရာ အကြောင်းမရှိဘူး။ ငြင်းရမှာပေါ့ ကိုယ့် လူထုအတွက်ပဲ။ သေနတ်နဲ့တောင် သူ့အသက်၊ ကိုယ့်အသက် သတ်နေကြတဲ့ကိစ္စ စကားလုံးနဲ့က ဘာလို့ မငြင်းရဲ ရမှာလည်း ငြင်းကြရမှာပေါ့ ဒါပဲရှိတာ”ဟု ပြောသည်။ 

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီး သည့်အပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အား တစ်ရပ်ဖြစ်သည့်အတွက် တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများ ဖယ်ရှားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှုတည်ဆောက် ပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ကြရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားထားသည်။