CNI News

၂၀၂၆ ခုနှစ်၊ မေလ ၅

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းမှ လူမှုစီးပွား ကျဆင်းနေခြင်းကို ပြန်လည် ဦးမော့အောင် ဆောင်ရွက်ရာတွင် အသွင်ကူးပြောင်းရေး အစိုးရသည် အခွန်လျှော့ရမည့်အစား အခွန်တိုးကောက်ရန် ကြေညာခဲ့ ခြင်းကြောင့် ပြည်သူလူထု ပိုမို ထိခိုက်လာစေမည်ဟု စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။

အစိုးရသစ်၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက မေလ ၁ ရက်နေ့မှစပြီး ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများ စုစုပေါင်း ကုန်စည် ၁၅၀ မျိုးကို အခွန် တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

တိုးမြှင့်လိုက်သည့် အခွန်နှုန်းထားများမှာ ငါးနှင့် ရေထွက်ပစ္စည်းအပေါ် ယခင်က ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ မုန့်နှင့် စားသောက်ကုန်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်သုံး တာယာနှင့် ကျွတ်များက ယခင် ၅ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်း၊ နို့နှင့် နို့ထွက် ပစ္စည်းများအတွက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ပြောင်းလဲ တိုးမြှင့်ထားခြင်း ဖြစ်သည်။

ယခု တိုးမြှင့်လိုက်သည့် အကောက်ခွန် နှုန်းထားများကြောင့် လက်ရှိ ပြည်တွင်း ကုန်ဈေးနှုန်းသည် ထပ်မံ မြင့်တက်လာမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များထက် စားသုံးသူ ပြည်သူလူထုက ပို၍ ထိခိုက်မည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

စားသောက်ကုန်များကို တွေ့ရစဉ်

၎င်းက “အဲဒါလည်း မဖြစ်သင့်ဘူးဗျ။ ကုန်စည် အမျိုးပေါင်း ၁၅၀ ကို အခွန်တွေ တိုးကောက်တယ်လို့ ပြင်ဆင် လိုက်တယ်ပေါ့ မေလ ၁ ရက်နေ့ကစပြီး။ အဲဒီမှာက စားသောက်ကုန်၊ လူသုံးကုန်ဆိုပြီး ပါလာတယ်ပေါ့ဗျာ။ အထွေထွေပစ္စည်းတွေလည်း ပါတာပေါ့။ ကိုယ့်ဘက်မှာက အခြေခံရပ်တည်ချက် မရှိဘဲနဲ့ ဒီဥပဒေတွေ ပြင်ဆင်ပြီး အခွန်တိုးကောက်သင့်ပြီ။ နောက်ဆုံးကျတော့ စားသုံးသူကတော့ ရသမျှကုန်ကို ဝယ်စားမှာပဲဗျ။ ပိုက်ဆံ တတ်နိုင် တဲ့သူကလည်း ဝယ်စားမှာပဲ။ ပိုက်ဆံ မတတ်နိုင်တဲ့သူကလည်း ဝယ်စားရမှာပဲ။ ဝယ်စားတဲ့ အခါကျတော့ အဲဒီ အခွန်တိုးနှုန်းတွေက လုပ်ငန်းရှင်ဆီကို ရောက်တာ မဟုတ်ဘူးဗျ။ ပြည်သူဆီကိုပဲ ရောက်တာ။ နောက်ဆုံးတော့ စားသုံးသူဆီကိုပဲ ရောက်တာဗျ။ အဲဒါတွေကိုတော့ နားလည် စေချင်တယ်ဗျာ။ ပြည်သူတွေကို ဘာလို့ ဝန်ထုပ် ဝန်ပိုး ဖြစ်စေလဲဆိုတာ ကျနော်ကလည်း မေးချင်တယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း ပို့ကုန်သွင်းကုန်များကို တင်းကျပ်ထားခြင်းနှင့် ကန့်သတ်ထားခြင်းတို့ကြောင့် ပြည်တွင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်စည်ရှားပါးခြင်းများ ဖြစ်ပေါ်လျက်ရှိနေသည်။

အစိုးရအဆက်ဆက် ပို့ကုန်သွင်းကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်များ အပေါ်တွင်သာ အခွန်ကို ကောက်ခံ နေပြီး ထပ်မံတိုးမြှင့် ကောက်ခံနေခြင်းသည် ပြည်သူကို ပိုမိုကျပ်တည်းစေကြောင်း၊ ပြည်သူကို မထိခိုက်စေသည့် တခြားသော အခွန်ကောက်ခံမှု နည်းပါးနေသည့်နေရာ၊ အခွန်ရှောင်နေသည့် နေရာများလည်း ရှိနေခြင်းကြောင့် အခွန်စနစ်ကို တိတိကျကျ ဆောင်ရွက်ပြီးမှသာ ကောက်ခံရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 မြဝတီကုန်သွယ်ရေး ဇုန်ကို တွေ့ရစဉ်

၎င်းက “အခွန်ကို ဒီအတိုင်း တိုးကောက်တာပေါ့နော်။ တိုးကောက်တယ်ဆိုတာ ကောက်နေကျ နေရာကို တိုးကောက်တဲ့ဟာကိုပဲ အစိုးရအဆက်ဆက်က အဲဒီလိုပဲ လုပ်ခဲ့တာ။ အမှန်တကယ် အခွန်ရဲ့ base ကို ချဲ့ရမှာ။ အခွန်လွတ်နေတဲ့ နေရာတွေ အများကြီးပဲ။ အဲဒီလွတ်နေတဲ့ အခွန်တွေကို တိတိကျကျ သေသေချာချာ မကောက် ခံ နိုင်တာကို မကောက်ခံနိုင်တာလား မကောက်တာလား၊ အကြောင်းအမျိုးမျိုး ရှိမှာပေါ့။ အဲဒီလိုမျိုး ဖြစ်တာကို ဒီဘက်မှာ ကောက်လို့ရတဲ့ နေရာကို လာပြီး ဖိကောက်တဲ့ဟာမျိုး။ မြန်မာနိုင်ငံမှာ ကားအစုတ်တစ်စီးရဲ့ ဈေးနှုန်း က ကမ္ဘာဘယ်မှာမှ မကြားဖူးတဲ့ ဈေးနှုန်းဖြစ်အောင် အခွန်တွေကို လှိမ့်ပိတ်ကောက်ထားတယ်။ အဲဒီလိုပဲ ကောက်လို့ ရမယ့်နေရာ သူ့လက်ထဲ မဖြစ်မနေ ရောက်မယ့် နေရာတွေမှာ တအားကောက်ပြီးတော့မှ ကျန်တဲ့ဟာ တွေကို ဒီလိုပဲ ထားထားတဲ့ဟာတွေ။ အစိုးရတစ်ရပ်က ဓနဥစ္စာ ခွဲဝေမှုကို သေသေချာချာ တိတိကျကျ လုပ်ရမယ်” ဟု ပြောသည်။

အစိုးရ၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည် ရပ်တည် နိုင်ရန်နှင့် စိုက်ပျိုး ထုတ်လုပ်သူများကို အကာအကွယ် ပေးနိုင်ရန်အတွက် အကောက်ခွန် နှုန်းများကို တိုးမြှင့် ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။