CNI News

၂၀၂၆ ခုနှစ်၊ မေ ၄

မြန်မာနိုင်ငံတွင် အခြေခံလုပ်ခလစာကို တစ်နေ့လျှင် ၂၀,၀၀၀ ကျပ် ပေးရန်အတွက် အလုပ်သမား အဖွဲ့အစည်း များက တောင်းဆိုထားသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ တိုးမြှင့်ပေးရန် မဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသူများက ထောက်ပြကြသည်။

အခြေခံလုပ်ခလစာ အနိမ့်ဆုံး ၂၀,၀၀၀ ကျပ်ပေးရန် ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ကျရောက်သော (၁၃၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့တွင် မြန်မာနိုင်ငံအထွေထွေ အလုပ်သမားအဖွဲ့ချုပ်(FGWM)က တောင်းဆို လိုက်ခြင်း ဖြစ်သည်။

အခြေခံလုပ်ခလစာကို ၂၀,၀၀၀ ကျပ်ပေးရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ အစိုးရဝန်ထမ်း၊ အထည်ချုပ်၊ အသေး စား အလတ်စား လုပ်ငန်းများက တိုးမြှင့်ပေးရန် မလွယ်ကြောင်း၊ ထိုသို့ တိုးမြှင့်လိုက်မည်ဆိုပါက ပြည်တွင်း ကုန်ဈေးနှုန်းသည်လည်း အဆမတန် လိုက်ပါမြင့်တက်သွားမည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

အခြေခံအလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “အခြေခံလုပ်ခလစာ ၂၀,၀၀၀ ဆိုရင် တစ်လကို ၆ သိန်းလေ။ အစိုးရလစာတောင်မှ ၂ သိန်း၊ ၂ သိန်းခွဲပဲ အလွန်ဆုံး ရတာလေ။ ၆ သိန်း ဘယ်လိုသွားပေးမလဲ။ အပြင်လစာနဲ့ အစိုးရလစာနဲ့၊ ဝန်ထမ်းလစာနဲ့ ချိန်ညှိပေးရ တာကို။ အစိုးရမှာတော့ ဘတ်ဂျက် ရှိတယ်လေ။ မြေပြင်မှာတော့ မလောက်တာက မလောက်တာပဲ။ ဒါပေမယ့် အဲဒီလောက်ကြီး တိုးဖို့ကျတော့လည်း ခက်သွားတာပေါ့နော်။ အပြင် ကျပန်းအလုပ်တွေကတော့ ပေးတာပါပဲ။ အပြင် ကျပန်းအလုပ်တွေက ၂ သောင်း၊ ၃ သောင်းရတဲ့ သူတွေလည်း ရှိကြတာပါပဲ။ ဒါပေမယ့် စက်ရုံအလုပ်ရုံ တွေနဲ့ ပုံမှန်လခစား အလုပ်သမားတွေကတော့ အဲဒီလောက် ပေးနိုင်ဖို့ကတော့ နည်းနည်းတော့ မလွယ်ဘူးပေါ့ နော်။ ပေးနိုင်တဲ့ လုပ်ငန်းမျိုးရှိသလို မပေးနိုင်တဲ့ လုပ်ငန်းမျိုးလည်း ရှိတာပေါ့နော်။ MSME တွေ၊ အခြေခံကျတဲ့ စားသောက်ဆိုင် ငယ်လေးတွေက ထိန်းသင့်တယ်ဗျ။ ၆ သိန်းပေးဖို့ဆိုတာက အနေအထားအရလေ အဲဒါကျတော့ ကုန်ဈေးနှုန်းက တအားတက်သွားမှာပေါ့။ လုပ်ခလစာ တစ်ခုတည်း စဉ်းစားလို့မရဘူး။ အခြေအနေက ပတ်ဝန်း ကျင်ကိုပါ စဉ်းစားရမယ်။ ကုန်ဈေးနှုန်းက အလကားနေ တိုးဖို့ပဲ ကြည့်နေတာလေ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးနေသည့် အထည်ချုပ် လုပ်ငန်းများ အနေဖြင့် လည်း လက်ခစား စနစ်ဖြင့် လည်ပတ်နေခြင်း ဖြစ်သည့်အတွက် အခက်အခဲ ရှိနေကြောင်း၊ စက်ရုံအများစုသည် လက်ရှိတွင် လျှပ်စစ်မီး အခက်အခဲကြောင့် စက်သုံးဆီ၊ CNG ဂတ်စ် စရိတ်များသည် ယခင်ကထက် ၃ ဆခန့် မြင့်တက်လာနေခြင်းကြောင့် လုပ်ခလစာကို တိုးမြှင့်ပေးရန် မဖြစ်နိုင်ကြောင်းလည်း ထောက်ပြကြသည်။

သို့သော်လည်း အခြေခံ လုပ်ခလစာကို မတိုးဘဲ ဆုကြေးငွေ၊ ရက်မှန်ကြေး၊ စွမ်းဆောင်ရည် စသည့် ခေါင်းစဉ် များဖြင့် အစားထိုးပြီး ပေးဆောင်နေခြင်း ရှိသည့်အတွက် လက်ရှိ တောင်းဆိုထားသည့် အခြေခံ လုပ်ခလစာ တစ်နေ့လျှင် ၂၀,၀၀၀ ကျပ်နှုန်း တစ်လ ၆ သိန်းနှုန်းထက် ပို၍ပေးနေသည့် လုပ်ငန်းများလည်း ရှိနေသည်။

အခြေခံအလုပ်သမားများကိုတွေ့ရစဉ်

တစ်ဖက်တွင်လည်း အမေရိကန် ဒေါ်လာသည် ယခင်ကထက် ၃ ဆ မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ကုန်ဈေး နှုန်းသည် ၅ ဆန့် မြင့်တက်သည့် အခြေအနေတွင် ရှိနေ၍ ယခုတောင်းဆိုနေသည့် အခြေခံ လုပ်ခလစာ ၂၀,၀၀၀ ကျပ်သည် ဖြစ်သင့်ဖြစ်ထိုက်သော နှုန်းထားဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှေ့မှာတုန်းက ကျနော်တို့ ၄၅၀၀ တို့၊ ၅၈၀၀ တို့ ဖြစ်ခဲ့တာရှိတယ်။ အဲဒီအချိန်တုန်းက ဒေါ်လာဈေးက ၁၄၀၀၊ ၁၅၀၀ ပေါ့၊ အဲဒီဝန်းကျင်လောက် ရှိတယ်ဆိုတော့ တကယ့်တကယ် ပြန်တွက်လိုက်မယ်ဆိုရင် ၃ ဒေါ်လာ နဲ့ ၄ ဒေါ်လာကြားလောက်ပေါ့ အဲဒီလိုဖြစ်ခဲ့တာပေါ့နော်။ အခုချိန်မှာ ဒေါ်လာဈေး ၄၀၀၀ ကျော်နဲ့ ပြန်တွက်လိုက် မယ် ဆိုလို့ရှိရင် ၂၀၀၀ လို့ ပြောတဲ့ဟာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထားပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒေါ်လာဈေးနဲ့ ပြန်တွက်မယ် ဟေ့ဆိုရင်တောင်မှ ကျနော်တို့ ကုန်ဈေးနှုန်းတွေက ဒေါ်လာဈေးက ၃ ဆလောက်ပဲ တက်သွားတယ်ဆိုရင် ကုန်ဈေးနှုန်းက ၃ ဆ လိုက်တက်သွားတာ မဟုတ်ဘူး။ တချို့ကုန်ဈေးနှုန်းဆိုရင် ၅ ဆဖြစ် တယ်၊ ၆ ဆ ဖြစ်တယ်ဆိုတဲ့ဟာတွေ ဖြစ်တယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ သူတို့ ၂၀၀၀ တောင်းတာကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တောင်းဆိုမှုလို့ မြင်တယ်။ သို့ပေမယ့် သူတို့ ပေးနိုင်၏  မပေးနိုင်ဆိုတာကတော့ ကျနော်တို့ အကုန်ပြန်တွက်ရမှာပေါ့နော်” ဟု ပြောသည်။

အခြေခံလုပ်ခလစာကို ၂၀,၀၀၀ ကျပ် တိုးမြှင့်ပေးရေးသည် လုပ်ငန်း အခြေအနေပေါ် မူတည်ပြီး ပြန်ချိန်ညှိရာတွင် အထည်ချုပ် လုပ်ငန်းအနေဖြင့် လက်ခစား စနစ်ဖြစ်သည့်အတွက် အလုပ်သမားများ၏ လုပ်ကိုင်နိုင်စွမ်းပေါ် မူတည်ပြီး ပေးနိုင်၊ မပေးနိုင်ကို ချိန်ညှိ၍ရသော်လည်း အစိုးရဝန်ထမ်းပိုင်းဆိုင်ရာကို လုပ်ခလစာ တိုးမြှင့်ပေးရေး သည် အစိုးရအတွက် မဖြစ်နိုင်သည့် နှုန်းထားဟု ထောက်ပြကြသည်။

သို့သော်လည်း အခြေခံလုပ်ခလစာကို ၂၀,၀၀၀ ကျပ်သို့ အစိုးရက တိုးမြှင့်သတ်မှတ်ကြောင်း ထုတ်ပြန်ပါက ယင်းကို အစိုးရကလည်း လိုက်နာရမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများကိုလည်း ယင်းနှုန်းထားအတိုင်း ပေးဆောင်ရ မည်ဖြစ်သည်။