CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
အဂတိလိုက်စားမှုကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါက တိုင်းပြည်သည် တိုးတက်မှုမရှိဘဲ ဆိုးရွားသည့် အခြေအနေနှင့်သာ ရင်ဆိုင်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဂတိတိုက်ဖျက်ရေးကို ထိထိရောက်ရောက် လုပ်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင်းရှိ လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ အကောက်ခွန်၊ တပ်မတော်၊ ဝန်ကြီးဌာန၊ စည်ပင် အပါအဝင် ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ယူ ဆောင်ရွက်နေသည့် အရာရှိများသည် အဂတိလိုက်စားမှု အလွန် များပြားလျက်ရှိနေသည်။
အလားတူ ပြည်သူလူထုကိုယ်တိုင်လည်း အဂတိလိုက်စားမှုကို အားပေးနေသည့် အခြေအနေ ရှိနေကြောင်း၊ တချို့ကလည်း အဂတိ မပါလျှင် အလုပ်မတွယ်ကျယ်ခြင်းကြောင့် ပြည်သူလူထုက မပေးချင်သည့်တိုင် ပေးနေရခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
အဆိုပါ အဂတိတရားသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်သော အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် အကြီးမားဆုံး အဟန့်အတားတစ်ခုဖြစ်နေသည်။

အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အဂတိလိုက်စားမှု ရှိနေခြင်းကြောင့် တိုင်းပြည်တည်ဆောက်ရေးတွင် အဓိကကျသည့် စီးပွားရေး စနစ်များကို အကောင်အထည်ဖော်ဆောင်၍ မရဘဲ ဖြစ်နေကြောင်း၊ စနစ်မကောင်းသည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ သာမက ပြည်သူလူထု ကိုယ်တိုင်သည်ပင် အဂတိလိုက်စားမှု လမ်းစဉ်ကို ဆောင်ရွက်လာကြောင်း၊ အဂတိ လိုက်စားမှုသည် မြန်မာပြည်သူများ၏ အသွေးအသားထဲသို့ ရောက်ရှိနေသည့် အခြေအနေ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့နိုင်ငံက တကယ့်ကို အဂတိလိုက်စားတဲ့ဟာက ပြောရမယ်ဆိုရင် DNA ထဲတောင် ရောက်နေပြီ လား မသိဘူးပေါ့နော်။ တော်တော် စိတ်ပိုင်းဖြတ်မှုလိုတယ်၊ တော်တော် ကြိုးစားနေဖို့လိုတယ်။ ဘာဖြစ်လို့လဲဆို တော့ ပြည်သူလူထုကိုယ်တိုင်က အဂတိတရားက ယဉ်ပါးသွားပြီ။ ပေးဖို့လည်း လက်မတွန့်တော့ဘူးပေါ့နော်။ ကျနော်တို့ဆီမှာ ဒါလေးပေးလိုက်၊ ဒါလေး လွယ်လွယ်ကူကူ၊ ပြီး အေးတာပဲ ပုံစံမျိုးနဲ့ ကျနော်တို့က တအားကို ကျင့်သားက ရသွားပြီဖြစ်နေတာပေါ့။ ဆိုတော့ သူများဆီက အဂတိတိုက်ဖျက်ရေးက သူများက ၁၀၀ ဖိုး ကြိုးစား လို့ရှိရင် ကျနော်တို့က ၁၀၀၀ ဖိုးကြိုးစားမှ တော်ခါကျမှာ။ ဒါပေမယ့်လည်း ကျနော်တို့ စိတ်ပိုင်းဖြတ်မှု သေသေချာ ချာ ရှိပြီး တကယ်ကို ကြိုးစားပြီး လုပ်မယ်ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ အဂတိတရားလည်း တိုင်း ပြည်က ဒါကြောင့်ပဲ ပိုပိုပြီး ဆိုးတာပေါ့နော်။ စီးပွားရေးစနစ်တွေ ဘာညာ စနစ်တွေကို တည်ထောင်လို့ မရဘူးဆို တာက အဂတိက အဓိက တရားခံ ဖြစ်နေတာကြောင့်မို့ အဂတိကိုလည်း ကြိုးစားပမ်းစား လုပ်ရမှာပေါ့။ အားလုံး သော ရှိနေတဲ့လူတွေ ကိုယ်တိုင်က စိတ်ပိုင်းဖြတ်မှု လိုတယ်ပေါ့နော်။ အဲဒီလိုမျိုး စိတ်ပိုင်းဖြတ်မှု အားနည်းရင် တော့လည်း အမြဲတမ်းပဲ ဖြစ်နေမှာပေါ့။ ဒီအတွက်ကြောင့်မို့လို့ တိုင်းပြည် တကယ် တိုးတက်စေချင်တယ်။ တိုင်းပြည်မှာ စနစ်ကောင်းတွေ၊ အလေ့အထကောင်းတွေ ဖြစ်စေချင်ရင်တော့ ဒါကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အညွှန်းကိန်းအတွက် အမှတ် ၁၀၀ တွင် ၁၆ မှတ်ရပြီး နိုင်ငံပေါင်း ၁၈၂ နိုင်ငံ ထဲတွင် အဆင့် ၁၇၁ တွင်ရှိနေကြောင်း၊ မြန်မာ၏ နောက်တွင် ၁၁ နိုင်ငံသာ ကျန်ရှိကြောင်း သိရသည်။
အဂတိလိုက်စားမှုသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် အဓိက အဟန့်အတားဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း၌လည်း အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကိုလည်း ပျက်စီးစေခြင်းဖြစ်သည့်အတွက် အကျင့်ပျက် ခြစားမှု များလာခြင်းမျိုး မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဖွဲ့စည်းသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လွတ်လပ်သည့် အဖွဲ့အစည်းဖြစ် ရန်လိုအပ်ကြောင်း၊ ထိုကော်မရှင်တွင် လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ၊ သတင်းမီဒီယာ၊ အရပ်ဖက်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်သင့်ကြောင်း ထောက်ပြကြသည်။
အဂတိလိုက်စားမှု လျော့နည်းစေရန် ဝန်ထမ်းများ၏ ဖြစ်တည်မှုနှင့် လိုက်လျောညီထွေသည့် ပတ်ဝန်းကျင်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ အစိုးရ၏ ညွှန်ကြားချက် တစ်စုံတစ်ရာသည် အဂတိ လိုက်စားမှု ဖြစ်ပေါ်စေရန် အားပေးခြင်းမျိုး မဖြစ်ရန်လည်း လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဂတိကို ကျနော်တို့ အရေးယူခဲ့တာ ကြာပြီပေါ့နော်။ တစ်ခါမှလည်း အဂတိက ပျေက်သွားတယ်လို့ မရှိဘူး။ အမှန်အတိုင်း ပြောရရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုပြီးတော့ လုပ်တဲ့အခါမှာ မူဝါဒတွေ လွှဲချော်နေတဲ့သဘော ရှိတယ်။ အဓိက အဂတိလိုက်စားလို့မရအောင် ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ဖန်တီး ပေးရမှာ။ အဲဒါက ကျနော်တို့ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေမှာ လုံလောက်တဲ့ သူတို့ရဲ့ အဖြစ်နဲ့ လျော်ညီတဲ့ နေနိုင် စားနိုင်အောင်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့လိုတယ်၊ လစာတိုးဖို့ ပြောတာ မဟုတ်ဘူးနော်။ ငွေကြေး ဖောင်းပွမှုကို ကျနော်တို့ ထိန်းချုပ်ဖို့ လိုတယ်။ နောက်တစ်ခုက အစိုးရရဲ့ ညွှန်ကြားချက်တွေကို လက်နက်သဖွယ် အသုံးချပြီးတော့ အဂတိလိုက်စားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အစိုးရက ဖြေလျှော့မှုတွေ အများကြီး လုပ်ဖို့လို တယ်။ ညွှန်ကြားချက်တွေက Law ကို မလွှမ်းမိုးရဘူး” ဟု ပြောသည်။
လက်ရှိ အစိုးရက ထုတ်ပြန်ထားသည့် စက်သုံးဆီ ခြိုးခြံခြွေတာရေးနှင့် ပတ်သက်ပြီး ကြည့်မည်ဆိုပါက ယာဉ် ထိန်းရဲတပ်ဖွဲ့၊ စက်သုံးဆီဆိုင်၊ စီးပွားရေး လုပ်ငန်းရှင်နှင့် ပြည်သူလူထုကြားတွင် အဂတိလိုက်စားမှုကို လုပ်ဆောင်ရန်အတွက် အားပေးထားသည့် အနေအထားတွင် ရှိနေပြီး စက်သုံးဆီ မှောင်ခိုဈေးကွက်ကိုပင် ဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်။
ထို့အပြင် လူငယ်များကို ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားခြင်းကြောင့်လည်း လူဝင်မှုကြီးကြပ်ရေးတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိလာပြီး အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေသည်။
