CNI International News
ဟောင်ကောင်၊ ဧပြီ ၂၄
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းရှိ အချက်အချာကျသည့် အဓိက လေဆိပ်များတွင် လေကြောင်းပျံသန်းမှုများ ပြတ်တောက်သွားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုပုံစံကို ပြောင်းလဲသွားစေခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာစေခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသရှိ ဒူဘိုင်း၊ ဒိုဟာနှင့် အဘူဒါဘီ ကဲ့သို့သော အဓိက လေကြောင်း အချက်အချာ နေရာများ သည် ပဋိပက္ခများကြောင့် ဝန်ဆောင်မှု လျော့နည်းခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများနှင့် ကြုံတွေ့နေရသည်။
ထို့ကြောင့် ဥရောပနှင့် အာရှကြား သွားလာနေသည့် ခရီးသည်များသည် အခြားသော လုံခြုံစိတ်ချရသည့် လေဆိပ်များကို ရွေးချယ်လာကြပြီး စင်္ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် ကွာလာလမ်ပူ ကဲ့သို့သော အာရှမြို့ ကြီးများသည် ခရီးသည်များအတွက် အစားထိုးစရာ အချက်အချာ နေရာများ ဖြစ်လာကြသည်။
စင်္ကာပူလေကြောင်းလိုင်း၊ Cathay Pacific လေကြောင်းလိုင်း၊ ထိုင်းလေကြောင်းလိုင်းနှင့် မလေးရှား လေကြောင်း လိုင်းတို့ ကဲ့သို့သော အာရှလေကြောင်းလိုင်းများသည် ဥရောပခရီးစဉ်များတွင် ဝယ်လိုအား မြင့်တက်လာသည်။

လေဆိပ်တစ်ခုကို တွေ့ရစဉ်
ထို့ကြောင့် ခရီးသည်များ၏ လက်မှတ် ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် လေယာဉ်ပျံသန်းမှု အကြိမ်ရေ တိုးမြှင့်ခြင်း၊ ပိုမိုကျယ်ဝန်းပြီး ခရီးသည်ဆံ့သည့် လေယာဉ်ကြီးများကို အသုံးပြုခြင်း၊ အာရှ-ဥရောပ လမ်းကြောင်း များတွင် ၎င်းတို့၏ လေကြောင်းကွန်ရက်များကို ပိုမိုချိတ်ဆက် ပေးခြင်းတို့ဖြင့် ဈေးကွက်ဝေစုကို ရရှိလာကြ သည်။
အရှေ့တောင်အာရှ အနေဖြင့် ထိုကဲ့သို့ အခွင့်အလမ်းများ ရှိနေသော်လည်း အခက်အခဲ အချို့ကိုလည်း ရင်ဆိုင် နေရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
ထိုအခက်အခဲများအနက် ပထမအချက်မှာ အီရန်စစ်ပွဲကြောင့် လေယာဉ်ဆီ ဈေးနှုန်းမှာ ယခင်ကထက် နှစ်ဆ နီးပါး မြင့်တက်သွားသဖြင့် လေကြောင်းလိုင်းများအတွက် လုပ်ငန်းလည်ပတ်မှု စရိတ်ကို အလွန် များပြားစေ သည်။
ဒုတိယအချက်မှာ လုံခြုံရေးအရ စိုးရိမ်မှုများဖြစ်ပြီး လေကြောင်းခရီးစဉ်များ ပျက်ခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ခရီးသွားအချို့က ခရီးစဉ်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ ပြုလုပ် နေကြသဖြင့် ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့ ခရီးသွားလုပ်ငန်းအပေါ် မှီခိုသည့် နိုင်ငံများ၏ ဝင်ငွေကို ထိခိုက်စေသည်။

လေဆိပ်တစ်ခုကို တွေ့ရစဉ်
ထို့ပြင် ခရီးသွား အများအပြားသည် ၎င်းတို့၏ မူလခရီးစဉ်ကို ဖျက်ပြီး ခရီးစဉ်လမ်းကြောင်း ပြောင်းကာ ခရီးစဉ် အသစ်ကို ချက်ချင်း ပြောင်းလဲနေသဖြင့် အာရှရှိ အဓိက လေဆိပ်များတွင် ခရီးသည်များကို လုံလောက်စွာ ဝန်ဆောင်မှု မပေးနိုင်ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေတွင် အရှေ့တောင်အာရှသည် ဥရောပ-အာရှ ဆက်သွယ်ရေးအတွက် ယုံကြည်စိတ်ချရသော အစားထိုး လမ်းကြောင်းအဖြစ် အခွင့်အရေး ရယူနိုင်ရန် ကြိုးစားနေသည်။
သို့သော် လေယာဉ်ဆီဈေးနှုန်း စံချိန်တင် မြင့်တက်နေခြင်းနှင့် ပဋိပက္ခ၏ မရေရာမှုများက ခရီးသွားလုပ်ငန်းနှင့် လေကြောင်းကဏ္ဍ တစ်ခုလုံးအတွက် ကြီးမားသော စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထား သည်။
Source: South China Morning Post
