CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင်အထည် ဖော်နေပြီး တောင်သူလယ်သမားများအား ချေးငွေတိုးမြှင့် ချေးပေးနိုင်ရေး ဆောင် ရွက်မည်ဟု ပြောသည်။

တောင်သူများကို ထုတ်ချေးပေးသည့် ချေးငွေမှာ စပါး၊ ဂျုံ၊ ချည်မျှင်သီးနှံများကို တစ်ဧကလျှင် ကျပ် ၃ သိန်းဖြစ်ပြီး၊ တခြားသော သီးနှံ အမျိုးအစားအလိုက် ၂ သိန်းခွဲကျပ်နှင့် ၁ သိန်းခွဲကျပ်ဟူ၍ တိုးမြှင့် ချေးပေးမည်ဟု သိရသည်။

လက်ရှိတွင် စပါးစိုက် တောင်သူများအတွက် တစ်ဧကလျှင် ၁ သိန်းနှုန်းဖြင့် ၁၀ သိန်းကျပ်အထိသာ ထုတ်ချေးပေး နေခြင်း ဖြစ်သည်။

ယခု ရက် ၁၀၀ စီမံကိန်းဖြင့် တိုးမြှင့်ထုတ်ချေးပေးသည့် ချေးငွေတွင် ယခင်ချေးငွေကို ဆပ်ပြီးသည့် သူကိုသာ ထုတ်ချေးပေးမည် ဖြစ်သည့်အတွက် တောင်သူ ၅၀ ရာခိုင်နှုန်းအတွက်သာ အထောက်အကူ ပြုနိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၁၀ ဧကမှ ၁၀ သိန်းပဲ ပေးတာပါ။ ၁၅ ဧကရှိလည်း ၁၀ သိန်းပဲ။ ဧက ၂၀ ရှိလည်း ၁၀ သိန်းပဲ။ ၅ ဧက သမားက ၅ သိန်းပေါ့။ အကြွေးကျေတဲ့သူပဲ ပေးမှာ။ လယ်သမား အကြွေးကျေတဲ့ လယ်သမားဆို ၅၀ ရာခိုင်နှုန်း ပဲရှိမှာ။ လယ်သမားတွေက ဒုက္ခတွေ ရောက်သွားပြီ။ ဒီဟာကို ချေးပြီးတော့ ထည့်ပြန်ရင်လည်း အတိုးနှုန်းတော့ သက်သာမယ်၊ စရိတ်စကတွေတော့ သက်သာမယ်။ အဲဒီလိုမျိုး ချေးရင်တော့ ဆီတို့၊ ဝယ်သင့်တဲ့ဟာကို ဝယ်ပြီး တော့ စိုက်ပျိုးလို့ရမှာ” ဟု ပြောသည်။

အစိုးရက ရက် ၁၀၀ စီမံကိန်း ချေးငွေကို သရုပ်ပြထားစဉ်

ယခုနှစ် စပါး၊ ပဲ၊ ပြောင်း၊ အာလူး၊ ကြက်သွန်စိုက် တောင်သူ အပါအဝင် တောင်သူ အများစုသည် စိုက်ပျိုးစရိတ် ကြီးမြင့်ခြင်းနှင့် စိုက်ပျိုးထားသည့် သီးနှံများ ဈေးကောင်း မရရှိခြင်းတို့ကြောင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရခြင်းကြောင့် စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ဆပ်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။

ထို့အပြင် အစိုးရသစ်လက်ထက် အုပ်ချုပ်ရေးမှူး အပြောင်းအလဲနှင့် ချေးငွေ ထုတ်ချေးပေးသည့် ဌာနဆိုင်ရာမှ အရာရှိ အပြောင်းအလဲများကြောင့် စိုက်ပျိုးစရိတ် ချေးငွေများကို အချိန်မီ ပြန်ဆပ်ကြရန် တောင်းဆိုနေမှုများ လည်း ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိ အစိုးရသစ်၏ ချေးငွေ တိုးမြှင့်ပေးမည့် စီမံကိန်းသည် တောင်သူများအတွက် အထောက်အကူ ပြုသော် လည်း ကာလတို မဟုတ်ဘဲ ကာလလတ် စီမံကိန်းအနေဖြင့် ဆပ်၍ရသည့် ချေးငွေများကို ထုတ်ချေးပေးပါက တောင်သူများအတွက် ပို၍ အဆင်ပြေနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဟောင်း ဦးသိန်းအောင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြိုဆိုပါတယ်လို့၊ တောင်သူတွေအတွက် စိုက်စရိတ်ချေးငွေကို တိုးပြီးတော့ ချေးပေးတဲ့အတွက် ဝမ်းသာ ပါတယ်။ ဒီထက် နှစ်ဆလောက် ပိုပြီးရင်တော့ ပိုပြီး အဆင်ပြေ ကြပါလိမ့်မယ်။ နောက်တစ်ခုက ဒီစိုက်ပျိုးစရိတ် ချေးငွေတင် မဟုတ်ဘဲနဲ့ ထွန်စက်ဝယ်တဲ့သူ၊ ကောက်ရိတ်စက် ဝယ်တဲ့သူ လူကိုမှ နှစ်စဉ် ချေးငွေပေးတာ မဟုတ် ဘဲနဲ့ စိုက်ပျိုးရေး လုပ်ငန်းအတွက် လိုအပ်နေတဲ့ အပြင်မှာ အတိုးကြီးနဲ့ ဆွဲနေရတဲ့ တောင်သူတွေ အတွက်လည်းပဲ လယ်ယာတွေကို ပေါင်နှံထားပြီးတော့ ဘဏ်အတိုးနဲ့ ၃ နှစ်တန်သည် ဆပ်လို့ရတဲ့ ချေးငွေတွေ ထုတ်ချေးပေးမယ် ဆိုရင် အထောက်အပံ့ရမယ်။ တောင်သူလောကကို ကယ်တင်နိုင်တာက ထုတ်လုပ်တဲ့သီးနှံရဲ့ အမြတ်အစွန်း ရရှိမှု၊ လုံလောက်တဲ့ အရင်းအနှီးကို သက်သာတဲ့ အတိုးနှုန်းနဲ့ ကာလလတ် ရရှိမှု အဲဒီ ၃ မျိုးကို ကူညီပေးမယ်ဆိုတော့မှ လယ်ယာလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်လာမယ်၊ အဲဒါကို စနစ်တကျ ပိုင်နိုင်အောင် လုပ်နိုင်ဖို့တော့ လိုအပ်မယ်လို့။ အဲဒါကို လုပ်ပေးမယ်ဆိုရင်တော့ စိုက်ပျိုးရေးသမားအတွက် တကယ်ကို ဂရုစိုက်တဲ့ အစိုးရဖြစ်မယ်” ဟု ပြော သည်။

တောင်သူတစ်ဦး လယ်ထွန်နေစဉ်

ချေးငွေတိုးမြှင့် ထုတ်ချေးမည့် ရက် ၁၀၀ စီမံကိန်းတွင် တောင်သူများအတွက် ချေးငွေအပြင် လယ်ယာသုံး စက်ကိရိယာ ချေးငွေအတွက် ကျပ်သိန်း ၃၀၀၀ အထိနှင့် ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက နောက်ထပ် ကဏ္ဍတစ်ခု အနေဖြင့် သတ်မှတ်ပြီး ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဟာနာနှင့် မြစိမ်းရောင် စသည့် အဖွဲ့အစည်း များမှ ချေးငွေများ ထုတ်ချေးပေးလျက် ရှိနေပြီး ချေးငွေကာလ အနေဖြင့် ၆ လမှ ၁ နှစ်ဖြင့် အတိုးနှုန်း ၅ ပြားမှ ၁ ကျပ် ၈ ပြားအထိ ဖြစ်သည်။

တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေ တိုးမြှင့် ထုတ်ချေးပေးသည့် အပြင် လယ်ယာထွက်ကုန်များကို လည်း အစိုးရနှင့် ပုဂ္ဂလိက၊ တောင်သူနှင့် အသင်းအဖွဲ့များ ညှိနှိုင်းပြီး သင့်တင့်မျှတသည့် ဈေးကွက်တစ်ခု ဖော်ဆောင်ပေးရန်လည်း လိုအပ်သည်ဟု တောင်သူများက ထောက်ပြကြသည်။