CNI News
၂၀၂၆ ခုနှစ်၊ မတ် ၂၆
မြန်မာနိုင်ငံတွင် စက်သုံးဆီ ဝယ်ယူရန် ခက်ခဲနေခြင်းနှင့် လိုသလောက် ဝယ်ယူ၍ မရရှိမှုကြောင့် လောလောဆယ် မှည့်တော့မည့်စပါး၊ မှည့်ပြီးသားစပါး အပါအဝင် ထွက်နေသည့်စပါးများနှင့် ရိတ်သိမ်းပြီး ကုန်းပေါ်ရောက်ရန် အတွက် အတော်ခက်ခဲနေကြောင်း ဧရာဝတီတိုင်းဒေသကြီးမှလယ်သမား ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခက်အခဲကတော့ အကြီးကြီးပဲ ဘယ်လောက်ထိအောင်လည်းဆိုရင် ဒီစိုက်ရေး၊ ပျိုးရေး၊ ထွန်ယက်ရေး ရော၊ အခုရိတ်သိမ်းဖို့ရော ဒါဒီနှစ်က အခုရာသီဥတုကများ တကယ်လို့များ၊ မနှစ်ကလိုများ၊ မိုးဦးက စောစော စီးစီးများ ကျမယ်ဆိုရင် မှည့်ပြီးသား၊ ရိတ်ပြီးသား စပါးတောင်မှ ကွင်းထဲကနေပြီးတော့ အဲဒီကုန်းပေါ်ရောက်ဖို့ တောင်မှ တော်တော် အခက်အခဲရှိတယ်၊ ဘာလို့လဲဆိုတော့ ဆီမရှိတော့ ဆွဲတင်လို့မရဘူး၊ နောက်တစ်ခါ အခု ကောက်ရိတ်ဖို့ ကောက်ရိတ်ဖို့ကလည်း ဆီမရတဲ့အတွက်၊ ကောက်ရိတ်စက်တွေကလည်း အခုတချို့စက်တွေဆို မရိတ်နိုင်ဘဲနဲ့ အခုရပ်ထားရပြီ။ တကယ်လို့ ဒီစပါးတွေ အကုန်မှည့်လာမယ်ဆိုရင် စပါးရိတ်သိမ်းဖို့ရော ရေတင် နေရတဲ့ လယ်တွေလည်း ရှိသေးတယ်လေ၊ ရေတင်နေရတဲ့ လယ်တွေရော၊ ကွင်းထဲက ချွေပြီးသား စပါးတွေရော အကုန်လုံး အန္တရယ်တွေ ဖြစ်နိုင်တယ်လို့။ နည်းနည်းနောနော ဒုက္ခမဟုတ်ဘူး၊ ဒီလာမယ့် ထွန်ရေး၊ ချွေရေးကို အသာထားလို့ လောလောဆယ် မှည့်တော့မယ့်စပါး၊ မှည့်ပြီးသားစပါး၊ ထွက်နေတဲ့စပါး၊ အဲဒီစပါးတွေတောင်မှ အခုရိတ်ပြီး၊ သိမ်းပြီး ကုန်ပေါ်ရောက်ဖို့ အတွက်ကို အတော်အန္တရယ် များသွားပြီလို့။ လောလောဆယ် အခက်အခဲ ကလည်း သိတဲ့အတိုင်းပဲ ဆီကလည်း အလွယ်တကူဝယ်မရ၊ တော်တော်ကြီးကို ရွာကနေပြီးတော့ အဲဒီအကြောင်း ရှိလို့ မြို့ကို ဆီရမလားလို့၊ ဆီထည့်ပြီးတော့ ပြောမယ်ဆို ဟိုစာရွက်တွေ ကပ်ထားတာကို ဒီမှာ ထွေ/အုပ်ရုံးက ထောက်ခံစာနဲ့ အဲဒီဆီဆိုင်တွေမှာ ကပ်ထားတယ်ဆိုတော့ ရမရကို လာမေးဖို့တောင်မှပဲ၊ အခုဆိုင်ကယ်ဆီက လည်း မရဘူးလေ။ ဥပမာ လေးလေးတို့ ဒီဘေးနားမှာ ဒဂုံမြို့နယ်ဆိုရင် ဆိုင်ကယ် ဥပမာ စုံနေ့မှာ စုံဆိုင်ကယ် တွေ တန်းဆီတာတောင်မှ ၂၀၀၀ ဖိုးပဲရတယ်။ ၂၀၀၀ ဖိုးဆိုတော့ အသွားအပြန် ဆီကုန်တာတောင်မှပဲ မလုံ လောက်ဘူး ဖြစ်နေတယ်။ အဲဒီတော့ သွားရေးလားရေးလည်း ဒုက္ခရောက်တယ်၊ အဲဒီ လယ်ယာမြေတွေ သိမ်း ဖို့ရော တော်တော် အခက်အခဲရှိပြီ၊ လောလောဆယ် နွေစပါးသိမ်းဖို့တောင်မှ၊ ဟိုမြို့ပေါ်က ဆန်စက်ထဲတွေရောက် ဖို့ကို တော်တော်ကြီးကို ခက်ခဲသွားပြီလို့”ဟု ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အနေဖြင့် မိုးစပါး စိုက်ပျိုးရန်အတွက် ထွန်ယက်မှု များ စတင် လုပ်ဆောင်နေကြပြီဖြစ်ကြောင်း၊ သို့သော်လည်း တချို့မြို့နယ်များ၌ ဆက်သုံးဆီ မရရှိမှုများ ဖြစ်ပေါ် နေခြင်းကြောင့် ထွန်ယက်နိုင်မှုများ မပြုလုပ်နိုင်သေးကြောင်း သိရသည်။

တောင်သူတစ်ဦး ထွန်ယက်နေစဉ်
၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးမှုသည် ဇန်နဝါရီလမှ မတ်လအတွင်း စတင်ပြီး၊ ဧရာဝတီတိုင်းတွင် ဧက ၁၅ သိန်း ကျော်နှင့် ရန်ကုန်တိုင်းတွင် ဧက ၂ သိန်း ၆ သောင်းကျော် စိုက်ပျိုးထားကြောင်း၊ ပေါင်းတည်မြို့နယ်တွင် မတ်လ ဒုတိယပတ်တွင် အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့သည်။
စက်သုံးဆီ ရရှိရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးကဏ္ဍကို ဦးစားမပေးဘဲ ဆောင်ရွက်မည်ဆိုလျှင် စိုက်ဧကများ လျော့ကျခြင်း၊ စိုက်ပျိုးရေးကဏ္ဍမှာ ဆောင်ရွက်နေသည့် လုပ်ငန်းများ ပျက်စီးခြင်း၊ ထိခိုက်နစ်နာမှုများရှိလာ နိုင်ကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ် ၁ က တချို့နေရာတွေက စပါးတွေ ရိတ်ခြွေနေတယ်လေ၊ အဲဒီတော့ ဒီဇယ်လိုတယ်လေ။ တချို့ နေရာကြတော့လည်း နွေထယ်ရေးအတွက် ထယ်ထိုးထွန်မွှေ လုပ်ရမယ်၊ ဒီဇယ်လိုတယ်၊ တချို့ နေရာကြတော့ လည်း မြို့ပေါ်မှာ မြေဩဇာတို့ ဘာတို့ အစရှိသဖြင့် မျိုးစေ့တို့ ဘာတို့ သွားပြီးတော့ ဝယ်ရအုန်းမှာ ရှိတယ်၊ တောင်သူလယ်သမားတွေက လိုအပ်ချက်တွေက မြို့ပေါ်ကကောင်က ဘယ်မှမသွားဘဲနဲ့ ထိုင်နေလို့ရတယ်၊ နောက်ဆုံးပိတ် လမ်းလျှောက်သွားလို့ ရသေးတယ်။ တောကကောင်တွေက ဒါနဲ့သွားလာပြီးတော့ သူတို့ရဲ့ အနာဂတ် စိုက်ပျိုးရေးကဏ္ဍကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် စပါးရိတ်ခြွေစက်တွေ မရှိတဲ့အတွက်၊ အချိန်မှီ မရိတ်သိမ်းနိုင်တဲ့အတွက်၊ စပါးတွေ ထိခိုက်နစ်နာမှု အများကြီးဖြစ်လာမယ်၊ ဒီစိုက်ပျိုးရေးကဏ္ဍကို ဦးစားမပေး ဘဲနဲ့ ဆောင်ရွက်မယ်ဆိုရင် ဘာမှာ သွားပြီးတော့ ထိခိုက်မလဲဆိုရင် (၁)က စိုက်ဧကတွေ လျော့သွားမယ်၊ စိုက်ပျိုး ရေးကဏ္ဍမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေက ပျက်စီးပြီးတော့ ထိခိုက်နစ်နာမှုတွေရှိမယ်၊ ဆက်လက်ပြီးတော့ စိုက်ပျိုးမှုလည်း ဆီက ဝယ်မရဘူးဆိုရင် ကြာတော့ တောင်သူလယ်သမားတွေက သီးနှံကလည်း ရှုံးပါတယ်ဆိုမှ ဆီတို့ဘာတို့က မရတဲ့အခါကြတော့ သွားလို့လာလို့ကလည်း သွားဆီလာဆီတောင် မရှိတော့ဘူးဆိုရင် တောင်သူ လယ်သမားတွေက အများကြီး စိတ်ထိခိုက်နစ်နာပြီးတော့ သူတို့ရဲ့ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ လုပ်တဲ့လုပ်ငန်းတွေ ကို ရပ်တန့်သွားနိုင်တယ်။ အဲဒါမို့လို့ ဒီဇယ်၊ ဓာတ်ဆီဆိုတာက ထုတ်လုပ်မှုကို ဦးစားပေးရမယ်။ နွေစပါးကတော့ အရင်တုန်းကတော့ ထွက်တဲ့နှုန်းထားကတော့ တစ်ဧကကို တင်း ၈၀၊ ၁၀၀၊ ၁၂၀ ထိ ထွက်တာပေါ့။ အခုကတော့ မထွက်တဲ့အပြင် ပျက်စီးမယ့် အလားအလာတွေ မြင်ရတယ်လေ။ မိုးစပါးလည်း ထိခိုက်နစ်နာမယ်လို့ အန်ကယ် ပြောပါရစေ”ဟု ပြော သည်။
ဧရာဝတီတိုင်းတွင် နွေစပါးကို နှစ်စဉ် ဧက ၁၅ သိန်းကျော် စိုက်ပျိုးလေ့ရှိသော်လည်း၊ ယခုနှစ်တွင် စက်သုံးဆီ စျေးနှုန်း အဆမတန် မြင့်တက်မှု၊ သွင်းအားစုစရိတ် ကြီးမြင့်မှုနှင့် ရေရှားပါးမှုတို့ကြောင့် စိုက်ပျိုးမှုစရိတ် သိသိ သာသာ မြင့်မားနေသည်။

တောင်သူတစ်ဦး ထွန်ယက်နေစဉ်
စက်သုံးဆီ မရရှိမှုကြောင့် တောင်သူလယ်သမားများသည် စိုက်ပြီးသားစပါး၊ မှည့်နေသည့် စပါးကိုတောင် ရိတ် သိမ်းရန် အလွန်ခက်ခဲနေကြောင်း ဧရာဝတီတိုင်းဒေသကြီးမှလယ်သမား ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီတော့ အခုရှင်းရှင်း ပြောရင်လေ ထွန်စက်နဲ့ လယ်တွေထဲမှာ အကြောက်အထည်ကြီး ထွန်ထားရတာ လေ၊ အခုအဲဒါတွေက မထွန်နိုင်သေးဘူး၊ လောလောဆယ် မထွန်နိုင်သေးတာက အကြောင်း မဟုတ်သေးဘူးလေ၊ ဒါပေမယ့် အဲဒါတွေ မလုပ်နိုင်တော့ရင် အခက်အခဲ ဖြစ်သွားရင် လာမယ့်နှစ်မှာ ရှင်းရှင်းပြောရင် ဒီက ဆန်စပါး ထွက်ရှိမှု၊ ဒီထုတ်ကုန် ထုတ်လုပ်မှုဥစ္စာပါ အကုန်လုံး ဒုက္ခရောက်မှာ။ အခုက လောလောဆယ် စိုက်ပြီးသား (၁) ဧကကိုကွာ ၁၀ သိန်း၊ ၁၂ သိန်း အဲဒီလို အကုန်ခံပြီးတော့ စိုက်ပြီးသားစပါး၊ မှည့်နေတဲ့ စပါးကိုတောင်မှပဲ ရိတ်ဖို့ သိမ်းဖို့လေး တစ်ခုတောင် အလွန်ခက်ခဲနေပြီလို့။ အဲဒီတော့ အကြံပြုချင်တာက စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေ ဒီကုန်ထုတ်လုပ်ငန်းတွေ မပျက်စီးဖို့အတွက်ကို တောင်သူစာရင်းရယ်၊ ပြောမယ်ဆို သက်ဆိုင်ရာ၊ စိုက်ပျိုးရေးရုံးနဲ့၊ အုပ်ချုပ်ရေး လိုင်းကနေပြီးတော့ စိုက်ဧက၊ လယ်ဧက တစ်ဧကကို တစ်ဂါလံဆိုရင် အဲဒါအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒီက လယ်စိုက်ခြင်းနဲ့ အဲဒါ ပေါင်းထုတ်ပြီးတော့ အဲဒီအုပ်ချုပ်ရေးမှူးက ဒီစိုက်တဲ့ တောင်သူတွေကို ဧကအလိုက် အဲဒီလို ပေးမယ်ဆိုရင်၊ အဲဒီလိုပေးမှသာလျှင် ဒီစိုက်ပျိုးရေးလုပ်ငန်း မထိခိုက်မယ်၊ ဒီဆီဆိုင်တွေမှာ လက်မှတ် ထိုးပြီးတော့ သွားတန်းဆီနေသ၍ လုံးဝ လုံလောက်မှုတွေ၊ အဆင်ပြေမှုတွေ၊ ပြည်စုံမှုတွေ၊ ညီမျှမှုတွေ မဖြစ်နိုင်ဘူး အဲဒီအတွက် ဒီစိုက်ပျိုးရေး လုပ်ငန်းအတွက်ကို ပေးမယ်ဟေ့ဆိုရင် သက်ဆိုင်ရာ၊ ဟိုအုပ်ချုပ်ရေးရယ်၊ ဒီမြို့နယ် မှာရှိတဲ့ မြန်မာ့စိုက်ပျိုးရေးရယ်၊ အဲဒီနှစ်ခုပေါင်းပြီး အဲဒီဧကစာရင်းနဲ့ အတိအကျ အဲဒီတောင်သူတွေကို ပြန်ပြီး တော့ ဧကအလိုက် ပြန်ပြီးတော့ စာရင်းနဲ့ပေးကာမှ အဲဒီအတိုင်းမှသာလျှင် ဒီစိုက်ပျိုးရေး လုပ်ငန်းအတွက် လုံလောက်တဲ့ လိုအပ်နေတဲ့ လောင်စာဆီ ရရှိမယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးမှာ ဒေသ မြေအနေအထား၊ အထွက်နှုန်း၊ စပါး အရည်အသွေးနှင့် ဈေးကွက် မျှော်မှန်းပြီး ဒေသခံ တောင်သူများ အဓိက စိုက်ပျိုးကြသည့် GW 11 စပါး၊ ထိုင်းဘေးကြား၊ ဗီယက်နမ်နှင့် နယူးဧရာ၊ ဗျောသုခ၊ အညာသား၊ ရက် ၉၀၊ ဆင်းသုခ၊ နှံကောက် စသည့် နွေစပါးများ ရိတ်သိမ်းချိန်ဖြစ်သည်။
စက်သုံးဆီစျေးနှုန်း မြင့်မားခြင်းသည် အဓိကပြဿနာဖြစ်ပြီး သတ်မှတ်စျေးထက်ပို၍ ဝယ်ယူနေရသဖြင့် တစ်ဧက လျှင် ကုန်ကျစရိတ် သိသိသာသာ မြင့်တက်လာသည်။
ထို့နောက် စက်သုံးဆီ ဝယ်ယူ၍ မရခြင်းနှင့် လိုသလောက် ဝယ်ယူ၍မရပါက ဆန်စပါးအထွက်နှုန်းများ လျော့ကျ လာမည်ဖြစ်သလို တောင်သူလယ်သမားများအတွက် ထိခိုက်ဆုံးရှုံးမှုများလည်း ဖြစ်လာနိုင်ကြောင်း တောင်သူ လယ်သမားများက ပြောသည်။
