CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆
စက်သုံးဆီ ချွေတာနိုင်ရေးအတွက် “စုံ”ရက်နှင့် “မ” ရက်ခွဲခြားကာ ကန့်သတ်မောင်းနှင်စေခြင်း ပြဋ္ဌာန်းချက်သည် လက်ရှိမြေပြင်တွင် ပြည်သူများအပေါ် မည်ကဲ့သို့ ထိရောက်မှုများ ရှိနေသလဲဆိုသည့်အပေါ် နိုင်ငံရေးလေ့လာ သူများ အပါအဝင် ခရီးသွားလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ထောက်ပြမှုများရှိနေသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
စက်သုံးဆီ ချွေတာနိုင်ရေးအတွက် စုံ/မ ရက် သတ်မှတ်ပြီးနောက်ပိုင်းတွင် ပုဂ္ဂလိက ရုံးလုပ်ငန်းများနှင့် ကျောင်း သား မိဘများ အခက်အခဲများ တွေ့နေကြသလို ခရီးသွားမည့် သူများနှင့် စီးပွားရေးအရ နေ့စဉ် သွားလာနေရသူ များလည်း အခက်အခဲများ ကြုံတွေ့နေကြရကြောင်း၊ ခရီးသွားလောကကို အကြီးအကျယ် ထိခိုက်မှုများ ရှိလာ သည်ဟု ခရီးသွားလုပ်ငန်းရှင်များနှင့် ပြည်သူများက ကျယ်ကျယ်လောင်လောင် ပြောဆိုမှုများ ရှိနေကြသည်။

စုံ/မ သတ်မှတ်ချက်ကို တွေ့ရစဉ်
အလားတူ ခရီးသွားလာမှုနည်းပါးသွား၍ ဟိုတယ် လုပ်ငန်းများလည်း ထိခိုက်လာနေသလို လုပ်အားနှုန်းများ ကျဆင်းကာ ကုန်ထုတ်လုပ်ငန်းများလည်း ထိခိုက်လာနေကြောင်း၊ ကုန်စည် စီးဆင်းမှုများ အလွန် နှေးကွေးသွား သလို ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ထို့အပြင် စက်သုံးဆီချွေတာရေး လုပ်ငန်းစဥ်သည် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သော်လည်း စီးပွားရေးစနစ်ကို မထိခိုက်အောင် သေချာစဥ်းစားပြီး လုပ်ဆောင်သင့်ကြောင်း၊ ထို စုံ/မ ကိစ္စရပ်ကြောင့် ကုန်ထုတ်စွမ်းအား ကဏ္ဍ များတွင် ရိုက်ခတ်မှုများ ရှိလာနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
စုံ/မ ခွဲခြားကာ ကန့်သတ် မောင်းနှင်စေခြင်းကြောင့် တစ်ရက်ထွက် အလုပ်လုပ်ပြီး တစ်ရက် နားနေရသည့် အနေအထားမျိုးသည် တစ်နိုင်ငံလုံးနှင့် တွက်ဆကြည့်လျှင် လူ့စွမ်းအား အရင်းအမြစ်ကို များစွာ လျော့ကျမှုများ ရှိလာစေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Impact ကတော့ မြန်မာပြည်မှာ "မ" ကားကတော့ နည်းနည်း ပိုများတာပေါ့နော်။ "စုံ"ရယ် "မ" ရယ် ဆိုတဲ့အခါမှာ။ ပြောရမယ်ဆိုရင် အကြမ်းမျဉ်း တစ်ဝက်ဆီပဲ ဆိုကြပါစို့။ တစ်ဝက်က တစ်ရက်ထွက် အလုပ်လုပ် တယ် တစ်ဝက်ကနားနေ နောက်တစ်ဝက်က ထွက်အလုပ်လုပ်တယ်ဆို ကျနော်တို့ရဲ့ လုပ်ငန်း ဆောင်တာတွေက တိုင်းပြည်တစ်ခုလုံးနဲ့ ယှဉ်ကြည့်လို့ရှိရင် လျော့ကျသွားတာတွေ အများကြီး ဖြစ်သွားမှာပေါ့နော်။ အဲဒီဟာတွေ ကိုပါ ပြန်ထည့်တွက်ရမှာ ပေါ့လေ။ ပြီးရင် နောက်တစ်ခုက ကိုယ်ထွက်လို့ရတဲ့ ရက်ကျမှ ပြန်ထွက်လို့ရတယ်။ ထွက်တဲ့အချိန်မှာလည်း ပေးတဲ့ဆီက ၅ သောင်း ၄ ထောင်ဖိုးပဲ ပေးတယ်ဆိုတဲ့ အခါကျတော့ အဲဒီမှာ တန်းစီရတာ သုံးနာရီ၊ လေးနာရီလောက်ကြာတယ်။ "မ"ရက်က "စုံ" သမားထွက်လို့မရဘူး။ ထွက်ရတဲ့ရက်က သုံးနာရီလောက် က ဆီဆိုင်မှာ အချိန်ကုန်နေတယ်ဆိုတော့ အလကားနေရင်း Waste ဖြစ်တဲ့အချိန်တွေ တအားများ ကုန်တာ ပေါ့နော်။ အဓိက,ကတော့ အဲဒီဟာကြောင့် နောက်ဆက်တွဲ (Consequences) တွေ ဖြစ်ပြီးတော့မှ ဒီ Impact က ထွက်လာမှာပေါ့” ဟု ပြောသည်။
ထို့ပြင် အဆိုပါ စုံ/မ ကိစ္စရပ်သည် အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာစေသလို ပြစ်မှုပြစ်ဒဏ်ပါသည့် ဥပဒေ များများထုတ်လေလေ၊ လာဘ်စားခြင်းများ ပိုမို ပေါများလာလေလေ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်မှ ဆက်ပြောသည်။

စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
၎င်းက “မြန်မာပြည်မှာတော့ ဥပဒေတစ်ခု ထွက်လိုက်လို့ရှိရင် အဲဒီ(အဂတိလိုက်စားမှု) ဘက်ကို တွန်းအားပေးသွား စေတဲ့ တစ်ခုက ဖြစ်ပျက်သွားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာ အကုန်လုံးက ညှိညှိနှိုင်းနှိုင်း ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ဖြေရှင်းတဲ့ ဖြေရှင်းနည်းတွေက များနေတာကို။ ဆိုတော့ ဝန်ထမ်းတွေ အနေနဲ့ကလည်း ဒီ လုပ်ခလစာ လုံလောက်မှု မရှိတဲ့ပြဿနာရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့က ပြစ်မှုပြစ်ဒဏ်ပါတဲ့ ဟာတွေနဲ့ ဥပဒေတွေ များများထုတ်လေလေ အဲဒီဟာတွေကို ကိုင်တွယ်ကျင့်သုံးရတဲ့ ဝန်ထမ်းတွေ အနေနဲ့က ချိုးဖောက်တဲ့ ကိုယ်ကလည်း မသက်သာလို့ ချိုးဖောက်လိုက်ရတယ်ပေါ့နော်။ ဥပမာ ဒီနေ့ "စုံ"သမား တစ်ယောက်က မဖြစ်မနေ ထွက်ရမယ်။ ကဲကွာ ဒဏ်ကြေး ၂ သောင်းလား၊ ၃ သောင်းလား။ အဲဒီသုံးသောင်း ပေးလိုက်မယ်ကွာ ဆိုပြီးတော့မှ ထွက်တယ်ဆိုရင်ရော ဒါကြီးက သိပ်အဆင်မပြေဘူး။ အမိန့်ကြော်ငြာစာတစ်ခု၊ ဥပဒေတစ်ခုဆိုတာက ဒါမျိုးဖြစ်လို့ မကောင်းဘူးပေါ့နော်။ အဲဒီလို အခြေအနေတွေမှာ ဒီနေရာကို ကိုင်တွယ်ကျင့်သုံးကြတဲ့ ဝန်ထမ်းတွေနဲ့ ညှိနှိုင်းပြီး တော့မှပဲ လုပ်လိုက်တာမျိုးက မြန်မာပြည်မှာ အင်မတန်ကို သမားရိုးကျ လုပ်ငန်းတစ်ခုလို ဖြစ်နေတယ်ဆိုတဲ့ အခါကျတော့ လာဘ်စားမှုတွေက။ တစ်ခုတိုးလိုက်ရင် လာဘ်စားစရာ တစ်ခု ပိုပေါလာရင်းပေါ့လေ။ ဒါမျိုးဖြစ်ဖြစ် သွားတာပေါ့” ဟု ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ပြည်သူများ၏ စက်သုံးဆီ အခက်အခဲများကြောင့် တရားမဝင် ဝယ်ယူ ရောင်းချနေသည့် စက်သုံးဆီ မှောင်ခိုစျေးကွက်သည် ပိုမို ကြီးထွားလာနေကြောင်း၊ စက်သုံးဆီ မှောင်ခိုစျေးကွက်၌ တစ်လီတာလျှင် ကျပ် ၉၀၀၀ မှ ၁၅၀၀၀ အထိ စျေးပေါက်နေသည်ဟု ပြည်သူများက ပြောကြသည်။
ပြည်သူလူထု အများစုသည် လုပ်ငန်းခွင် အသုံးပြုရန်အတွက် မော်တော်ယာဥ်များကို ဝယ်ထားခြင်း သည်သာ ဖြစ်သည့်အတွက် ၎င်းကိစ္စရပ်သည် လုပ်ငန်းခွင် သွားလာရေး အခြေအနေတွင် များစွာ ထိရောက်မှု ရှိနေသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆိုးခြင်းကို ကျနော် အရင်ပြောပါမယ်ဗျ။ ကောင်းခြင်းကတော့ သိပ်မတွေ့ရတော့ပေါ့နော်။ ပြည်သူတွေမှာ ကားတွေက ဝယ်ထားကြတာတွေက "စုံ" ရယ် "မ"ရယ်လို့ သူတို့လည်းသိ တာမဟုတ်ဘူး။ လုပ်ငန်းအတွက်ကို သုံးဖို့အတွက်ကို ဒီကားတွေ ဝယ်ကြတာ။ ဇိမ်ခံချင်တဲ့သူကတော့ သူဋ္ဌေးကြီးတွေကတော့ ဇိမ်ခံတဲ့ကားတွေ ရှိကောင်းရှိတာပေါ့ဗျာ။ အဓိက,က များသောအားဖြင့် ပြည်သူတွေက လုပ်ငန်းတွေ သုံးဖို့ပါ။ လုပ်ငန်းတွေသုံးဖို့ ဝယ်ထားကြတဲ့ အခါကျတော့ စုံ၊ မ ကားထွက်ရက်ကို သတ်မှတ်လိုက်တဲ့ အခါကျတော့ လုပ်ငန်းခွင် သွားဖို့၊ လာဖို့တွေ တော်တော်လေး အခက်အခဲ ကြုံသွားကြရပါတယ်။ နံပါတ်တစ်ကတော့ ပြည်သူတွေ လုပ်ငန်းခွင် သုံးဖို့ ကိစ္စတွေ စုံ/မ သတ်မှတ်လိုက်တဲ့ အခါကျတော့ သွားလာရေး အခက်ခဲဖြစ်သွားကြရတယ်” ဟု ပြောသည်။
အဆိုပါ စုံ/မ သတ်မှတ်ချက်သည် လက်ရှိမြေပြင်တွင် ပြည်သူများအတွက် အခက်တွေ့မှုများ ပိုဖြစ်စေသလို ကုန်ထုတ်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ လူမှုစီးပွားရေးကဏ္ဍများတွင် တိုက်ရိုက်ထိရောက်မှုများ ရှိလာခြင်း ကြောင့် အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ပြန်လည် ပယ်ဖျက်ရန် အားလုံးက တောင်းဆိုနေကြသည်။
ထို့နောက် စက်သုံးဆီ ချွေတာရေးအတွက်ဆိုပါက အင်ဂျင်ပါဝါအပေါ် မူတည်၍ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ရောင်းချပေးခြင်း စနစ်ကို ထောက်ခံကြောင်း ပြည်သူလူထုများက ပြောသည်။
