CNI News
၂၀၂၆ ခုနှစ်၊ မတ် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် အခွန်တိုးကောက်ပါက ပြည်သူများ မှန်မှန်ကန်ကန် အခွန်ဆောင်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် ဝင်ငွေတိုးပွားလာရေး လုပ်ပေးရန် အစိုးရမှာ တာဝန်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံသား တစ်ယောက် အနေဖြင့် နိုင်ငံတော်က သတ်မှတ်သည့် အခွန်နှုန်းထားကို ဆောင်ရမည်ဖြစ်သော်လည်း အခွန်ဆောင်ပြီး အခွန်ထမ်း ပြည်သူကို နိုင်ငံတော်က ခံစားခွင့် မည်သို့မှလုပ်ပေးမထားပါက အဆင်မပြေကြောင်း၊ အခွန်တိုးကောက်ခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း ရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခွန်ကတော့ ကျနော်တို့ကတော့ မဖြစ်မနေ ဒါတိုင်းပြည်မှာက နိုင်ငံသား တစ်ယောက်အနေနဲ့ အခွန် ဆောင်ရတာကတော့ ဆောင်ကိုဆောင်ရမယ့် အလုပ်ဖြစ်ပါတယ်။ ကျနော်တို့က ဝင်ငွေခွန်တွေ ဆောင်လိုက် တယ်ဆိုရင် ဝင်ငွေခွန်ကနေရလာတဲ့ အိမ်တွေ၊ မြေတွေ၊ ခြံတွေ၊ ကားတွေ ဝယ်တယ်ဆိုလို့ရှိရင် သက်သာခွင့်တွေ ရှိတယ်ပေါ့နော် ဒါမျိုးတွေပြန်ပြီးတော့ ခံစားခွင့်တွေလည်း ရှိပါတယ်။ အစိုးရအပိုင်း ကျတော့လည်း ပြည်သူတွေ ဆီကရလာတဲ့ အခွန်အခတွေကို အလေအလွင့်မရှိဘဲနဲ့ ဇီးသီးဗန်းမှောက်တာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့က တိတိ ကျကျ သုံးစွဲသင့်၊ သုံးစွဲထိုက်တဲ့ နေရာတွေမှာ သုံးစွဲဖို့အတွက် လိုအပ်ပါတယ်။ အဲဒီတော့ ကိုယ်ရှာတဲ့ပိုက်ဆံပဲ ကိုယ်သုံးမယ်ကွာ တိုင်းပြည်ကို အခွန်မဆောင်ဘူးဆိုရင် အခွန်ကောက်တဲ့ အစိုးရနဲ့ မှန်မှန်ကန်ကန် ကောက်ခံပြီး တော့ အသုံးချဖို့ လိုအပ်သလို ပြည်သူတွေကလည်း မှန်မှန်ကန်ကန်ပဲ ကျနော်တို့ အခွန်ဆောင်ဖို့ လိုတယ်။ အဲဒီ နေရာမှာ ပြည်သူတွေ အခွန် မှန်မှန်ကန်ကန် ဆောင်နိုင်ဖို့အတွက် ဝင်ငွေရှိတဲ့ ပြည်သူတွေ ဖြစ်လာအောင် အလုပ် အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့တွေကလည်း အစိုးရမှာ တာဝန်ရှိပါတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ဂွင်ထဲရောက် ရင် သိပ်ထည့်လိုက်မယ်ဆိုတဲ့ အစိုးရမျိုး၊ ပြည်သူကလည်း တာဝန်ရှောင်လို့ရရင် ရှောင်မှာပဲကွာ မဆောင်ဘူးဆိုတဲ့ ပြည်သူမျိုးဆိုရင်တော့ ကျနော်တို့ တိုင်းပြည်က ဒုံရင်းဒုံရင်းပဲ နောက်ကိုပဲ ပြန်သွားနေအုန်းမှာပေါ့နော်။ ဆိုတဲ့အခါ ကျတော့ ပြည်သူရော၊ အစိုးရရော နှစ်ဖက်စလုံးကတော့ ကျနော်တို့ စေတနာရှိရှိလေးနဲ့၊ အလုပ်လုပ်ကြဖို့လိုအပ် တယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါတယ်”ဟု ပြောသည်။

သာမန်ပြည်သူလူထုကို တွေ့ရစဉ်
ဥပဒေသစ်အရ ပြည်ပက တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ပြည်ပကို တင်ပို့သည့် ကုန်ပစ္စည်းများအပေါ်တွင် အမျိုးအစားနှင့် တန်ဖိုးအလိုက် အကောက်ခွန်နှုန်းထားများ သတ်မှတ် ကောက်ခံသွားမည်ဟု အစိုးရက ထုတ်ပြန် ခဲ့သည်။
လက်ရှိ ပြဋ္ဌာန်းချက်အရ အထူးကုန်စည် အမျိုးအစား ဖော်ပြချက်တွင် စီးကရက်အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီး ယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေး၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက် အမျိုးမျိုး၊ ဘီယာအမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့အပေါ် ကောက်ခံမည့်အခွန်ကို အဆင့်ဆင့် တိုးမြှင့် သတ်မှတ်ခဲ့ သည်။
ရောင်းဈေး ၁၀၀၁ ကျပ်မှ ၂၀၀၀ ကျပ်ကြားရှိသည့် စီးကရက်ဖြစ်ပါက တစ်လိပ်ကို ၂၈ ကျပ်၊ ရောင်းဈေး ၂၀၀၁ ကျပ်နှင့်အထက် အဆင့်မြင့် စီးကရက်များအတွက် တစ်လိပ်ကို ၃၁ ကျပ်အထိ အခွန်နှုန်းထား မြင့်တက်သွားမည် ဖြစ်ပြီး ကျေးလက်ဒေသ သုံးစွဲမှုများပြားသည့် ဆေးပေါ့လိပ်များကမူ တစ်လိပ်ကို ၃ ကျပ်နှုန်းနှင့် အနည်းငယ်သာ အခွန်ကောက်ခံရန် သတ်မှတ်ထားသည်။
လက်ရှိနိုင်ငံတွင် အများစုက အခွန်တိုးလျှင် အစိုးရဝင်ငွေ တိုးမလားဆိုသည့် စဥ်းစားချက်ရှိကြပြီး အခွန်တိုး၍ တိုင်းပြည် ဝင်ငွေကျသွားခြင်းကို သက်သေပြနေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခွန်ကတော့ ဒါသီအိုရီ သဘောလည်း ဟုတ်တယ်ပေါ့။ လက်တွေ့ သဘောလည်း ဟုတ်တယ်။ အခွန် ဆိုတာက အခွန်တိုးလို့ရှိရင် နံပါတ် ၁ ဆိုဒ် တိုင်းပြည်ဆိုဒ်ကိုယ်တိုင်က အစိုးရဝင်ငွေ တိုးလာမလား၊ အခွန်တိုး လိုက်လို့ရှိရင် ရောင်းလိုအား၊ ဝယ်လိုအားမှာ ဘယ်လိုသက်ရောက်သလဲပေါ့။ အဲဒီတော့ အခွန်တိုးတိုင်း ပြည်ဝင်ငွေ တိုးမလားဆိုတာ စဥ်းစားကြတာပေါ့။ အခွန်တိုးလို့ရှိရင် သူသူငါငါပေါ့၊ အခွန်ရဲ့ ဝန်ထုပ်ဝန်ပိုးပေါ့၊ အခွန်တိုးလို့ တိုင်းပြည် ဝင်ငွေကျသွားတာကို သက်သေပြတာပေါ့၊ အခွန်က ဆောင်ချင်တဲ့စိတ်ပေါ့၊ အခွန်တိုးပြီးရင်လည်း အစိုးရဝင်ငွေ မတိုးဘူးဆိုတဲ့ဟာ အဖြေက ဒါတွေ့တာပေါ့။ နောက်တစ်ချက်ကျတော့ သူက ဒီအခွန်တိုးလိုက်လို့ ရှိရင် ဘယ်သူက ကျခံရလဲဆိုရင် စားသုံးသူရော၊ ထုတ်လုပ်သူရော ကျခံရတာပေါ့။ နှစ်ယောက်မျှခံကြတာပေါ့။ အစိုးရလည်း မရလိုက်ဘူး၊ စားသုံးသူလည်း မရလိုက်ဘဲနဲ့ ဆုံးရှုံးသွားတဲ့ ပိုက်ဆံဆိုတော့။ လုံးဝကို အစိုးရလည်း မရလိုက်ဘူး၊ ဟိုအခွန်ဆောင်တဲ့ လူလည်း မရလိုက်ဘူး၊ စားသုံးသူလည်း မရဘူး၊ ကုန်ထုတ်လုပ်သူရော၊ ဝယ်ယူ စားသုံးသူရော မရတဲ့ ဆုံးရှုံးမှုရှိတာ။ ဒါပင်မယ့် အခွန်နှုန်းတိုးတိုင်း ဝင်ငွေမတိုးဘူးဆိုတာ သိဖို့လိုတယ်။ နံပါတ် ၂ အချက်က ဒါသည် စျေးကွက်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ဆိုတာကို ချင့်ချိန်စဥ်းစားဖို့လိုတာပေါ့”ဟု ပြောသည်။

သာမန်ပြည်သူလူထုကို တွေ့ရစဉ်
စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြုရေးဆိုင်ရာ ကုန်စည်များ၊ ကျောင်းသုံးနှင့် ရုံးသုံးကုန်စည်များ၊ ကျန်းမာရေးဆိုင်ရာ ကုန်စည်များ၊ ဘာသာရေးနှင့် လူမှုရေးသုံးကုန်စည်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန် စည်များ၊ စက်မှုလုပ်ငန်းသုံး ကုန်စည်များ၊ ကာကွယ်ရေးဆိုင်ရာ ကုန်စည်များ၊ ကျောက်မျက် ရတနာနှင့် တွင်း ထွက် ကုန်စည်များ၊ အထွေထွေ ကုန်စည်များအား ပြည်ပမှ တင်သွင်းခြင်းဖြစ်ပါက ကုန်းပေါ်ရောက် တန်ဖိုး အပေါ်တွင်လည်းကောင်း ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
အစိုးရအနေနှင့် အခွန်များများရအောင် တိုင်းရင်းသား လုပ်ငန်းရှင်များအား တွန်းအားပေးခြင်း၊ တကယ့် လုပ်ငန်း ရှင်ကြီးများ ဆောင်သင့်ဆောင်ထိုက်သည့် အခွန်များကို သေသေချာချာ စိစစ်ကြပ်မတ်ခြင်းတို့ လုပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဋ္ဌာနသို့ပြောသည်။
၎င်းက “အဓိက,ကတော့ ကျနော်တို့က အခွန်ဆိုတဲ့ နေရာမှာ အစိုးရ အနေနဲ့လည်းပေါ့နော်။ ကျနော်တို့ အခု ဒီမီတာတွေမှာ ပုဂ္ဂလိကလိုပေါ့ အလွှာအသီးသီးအပေါ်မှာ ကောက်ခံတဲ့ အခွန်တွေအပေါ်မှာ တစ်လကို ဝင်ငွေ ဘယ်လောက်အောက် ရတဲ့လူဆိုရင် အခွန်ကင်းလွတ်ခွင့်၊ ဘယ်လောက် အထက်ဆိုရင်တော့ အခွန်ဘယ်လောက် ဒါမျိုးတွေ ခွဲခြား ကောက်ခံတာမျိုးတွေလည်း ရှိပါတယ်။ ပြည်သူတွေ အတွက်ကျတော့ နစ်နာတယ်။ ဒီဟာရဲ့ ရိုက် ခတ်မှုပေါ့။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ကတော့ ဘယ်လောက် တိုးကောက်ကောက် ငါတို့ပေးနိုင်ပါတယ်၊ ငါတို့ ပိုက်ဆံရှိတာပဲ၊ ဝင်ငွေရှိတာပဲဆိုတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရင်တော့ ဘာမှ ဒါကိုပြောစရာ မရှိဘူးပေါ့ နော်။ ကျနော်တို့ အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူတွေက တစ်နေ့လုပ်မှ တစ်နေ့စား ဖြစ်နေရတဲ့ အခြေအနေမျိုးက လည်း ဒီလိုအခွန်တွေက ထပ်မံနှိပ်စက်မယ်ဆိုရင်တော့ ဒါပြည်သူတွေအတွက် တော်တော်လေးကို ကျယ်ကျယ် လောင်လောင် အသံထွက်လာရမယ့် ကိစ္စမျိုးဖြစ်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်။ ကျနော်တို့ ဒါက ပြည်သူ့အသံ ကို နားထောင်ပြီးတော့ ပြောင်းသင့်တဲ့ အရာတွေကို ပြောင်းရမှာ ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အခွန်တွေကို ပြည်သူတွေဆီကနေ လက်လီစိပ်ပြီးတော့ ကောက်မယ့်အစား၊ တကယ့် လုပ်ငန်းရှင်ကြီးတွေ ဆောင်သင့်ဆောင် ထိုက်တဲ့ အရာတွေကို သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ အခွန်ကောက်လိုက်ရင် သေးသေး၊ သေးသေးလေး တွေထက် အများကြီး ပိုရမယ့် အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ဆိုတော့ ရနိုင်တဲ့ လုပ်ငန်းတွေ၊ အခွင့်အလမ်း တွေကို ချပြပြီးတော့ အစိုးရက ဒါမျိုးတွေလုပ်ဖို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို တွန်းအားပေးတာမျိုး၊ အခွန် အခတွေကို ကောက်ခြင်းအားဖြင့် တစ်နေ့လုပ် တစ်နေ့စားရတဲ့ ပြည်သူတွေလည်း သက်သာမယ်၊ အစိုးရလည်း အခွန်ရမယ်ဆိုတဲ့ အခြေအနေမျိုးတွေ မြင်ပါတယ်”ဟု ပြောသည်။
မိမိတို့နိုင်ငံတွင် အခွန်အများဆုံး ရနိုင်သည့် ဓာတ်သတ္ထုတူးဖော်သည့် လုပ်ငန်းများ၊ ဘဘာဝဓာတ်ငွေ့ လုပ်ငန်း များ၊ တွင်းထွက် တူးဖော်သည့် လုပ်ငန်းများ၊ ရွှေတူးသည့် လုပ်ငန်းများ၊ သယံဇာတ တူးဖော်သည့် လုပ်ငန်းများကို အစိုးရ အဓိက အခွန်ကောက်ခံသင့်ပြီး သာမန်ပြည်သူများကို အခွန်သက်သာစေရေး စီစဉ်ပေးသင့်ကြောင်း စီးပွား ရေး လုပ်ငန်းရှင်များက ပြောသည်။
