CNI International News
ဆိုးလ်၊ မတ်လ ၂၄
တောင်ကိုရီးယားနိုင်ငံတွင် လူငယ်များအတွက် အလုပ်အကိုင်ရရှိရန် ခက်ခဲလာကြောင်း Korea Times သတင်း ဌာနမှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ အချက်အလက်နှင့် စာရင်းအင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အသက် ၁၅ နှစ်မှ ၂၉ နှစ် အတွင်း လူငယ်များကြား အလုပ်လက်မဲ့နှုန်းသည် ဖေဖော်ဝါရီလတွင် ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။
ထိုပမာဏသည် ၅ နှစ်အတွင်း အမြင့်ဆုံး ဖြစ်သည့်အပြင် နိုင်ငံ၏ ပျမ်းမျှ အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်း ထက် နှစ်ဆကျော် ပိုမိုများပြားနေပါသည်။
အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ် အရေအတွက်သည်လည်း ၂၈၆,၀၀၀ ဦးအထိ မြင့်တက်လာခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၇,၀၀၀ ခန့် ပိုမို များပြားလာခြင်း ဖြစ်သည်။
ကုမ္ပဏီများသည် လုပ်ငန်း အတွေ့အကြုံ ရှိသူများကိုသာ ပိုမို ခန့်အပ်လိုကြသည်။

တောင်ကိုရီးယား လူငယ်များ အလုပ်အကိုင် ရှာဖွေနေကြစဉ်
ထိုအချက်က အလုပ်လျှောက်ထား သူများ၏ အရည်အသွေးနှင့် အခြေအနေ ပြောင်းလဲလာမှုကိုပါ ထင်ဟပ်နေ ခြင်းဖြစ်ကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှ စီးပွားရေးပညာပါမောက္ခ ဟုန်ဆော့ချူး (Hong Sok-chul) က ပြောကြားခဲ့သည်။
“အလုပ်ရှင်တွေရဲ့ ရှုထောင့်ကနေကြည့်ရင် အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်အတွက် ပိုပြီးတော့ အကျိုးရှိတယ်လို့ ယူဆထားကြပါတယ်။ အဲဒါကြောင့် အတွေ့အကြုံရှိတဲ့ ကျွမ်းကျင် ဝန်ထမ်းတွေအတွက်တော့ အလုပ်မရှားပါဘူး” ဟု ၎င်းက ပြောသည်။
“တကယ်တမ်း ပြောင်းလဲသွားတာက အလုပ်လျှောက်ထားသူတွေရဲ့ အနေအထားပါ။ အခုခေတ် လူတွေဟာ ကုမ္ပဏီ တစ်ခုတည်းမှာပဲ တစ်သက်လုံး အလုပ် မလုပ်ကြတော့ပါဘူး။ ရာထူး အဆင့်အတန်း ပိုမြင့်မားဖို့အတွက် တခြားအလုပ်တွေကို ဆက်တိုက် လျှောက်ထားနေကြတာပါ။ ဒါကြောင့် အလုပ် လျှောက်ထားသူတွေထဲမှာ အတွေ့အကြုံရှိသူတွေ ပိုများလာတဲ့အတွက် ကုမ္ပဏီတွေကလည်း အတွေ့အကြုံ ရှိတဲ့သူတွေကိုပဲ ရွေးချယ် ခန့်အပ်ကြတာဖြစ်ပါတယ်” ဟု ဟုန်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ နာမည်ကြီး ကုမ္ပဏီများသည် စုစုပေါင်း အလုပ်အကိုင် အရေအတွက်၏ ၁၄ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုသော်လည်း လစာကောင်းမွန်ပြီး ဂုဏ်သိက္ခာကြီးမားသည့် အလုပ်အကိုင်များဖြစ်သည်။
ထို့ကြောင့် အရေအတွက် အကန့်အသတ်နှင့်သာရှိသည့် ထို ၁၄ ရာခိုင်နှုန်းသော ရာထူး နေရာများအတွက် အရည်အချင်း ပြည့်မီသော လျှောက်ထားသူ အများအပြားက ပြိုင်ဆိုင်နေကြသည်။
ထို့ပြင် ယခင်က အတွေ့အကြုံ မလိုသည့် အခြေခံအဆင့် ရာထူးများမှာပင် လုပ်ငန်း အတွေ့အကြုံက အရေးကြီး လာခဲ့သည်။

တောင်ကိုရီးယား လူငယ်များ အလုပ်အကိုင် ရှာဖွေနေကြစဉ်
AI နည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုလာခြင်းသည် သမားရိုးကျ လုပ်ငန်းခွင်များ၊ အထူးသဖြင့် အခြေခံအဆင့် အလုပ်အကိုင်များ၏ ပုံစံကို ပြောင်းလဲစေခဲ့သည်။
ကိုရီးယားဗဟိုဘဏ်၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ Chat GPT စတင် ပေါ်ပေါက်လာပြီးနောက် သုံးနှစ်အတွင်း လူငယ်များအတွက် အလုပ်အကိုင် နေရာပေါင်း ၂၁၁,၀၀၀ ခန့် ပျောက်ကွယ်သွားခဲ့ကြောင်း တွေ့ရှိရသည်။
ထိုအလုပ်အကိုင်များတို့အနက် ၂၀၈,၀၀၀ ခန့်မှာ AI နှင့် တိုက်ရိုက် ထိတွေ့မှု အများဆုံးဖြစ်သော ပရိုဂရမ် ရေးခြင်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍများ ဖြစ်သည်။
သို့သော် AI နည်းပညာသည် အောက်ခြေအဆင့် ဝန်ထမ်းများ လုပ်ဆောင်ရလေ့ရှိသော အခြေခံ အလုပ်များကို အစားထိုး ပစ်နိုင်သော်လည်း စီနီယာအဆင့် ဝန်ထမ်းများအတွက်မူ AI သည် အထောက်အကူပြု ပစ္စည်းအဖြစ်သာ ရှိနေပြီး စီနီယာအဆင့် အလုပ်အကိုင် နေရာများကို AI က အစားထိုးနိုင်စွမ်း မရှိသေးပေ။
“AI အသုံးပြုမှုဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာပြီး ကုမ္ပဏီတွင်း ဥပဒေအကြံပေး ခန့်အပ်မှုတွေ သိသိသာသာ လျော့နည်းသွားပါတယ်။ အကြံတစ်ခုခု လိုချင်ရင် AI ကိုပဲ မေးတာမျိုးတွေ များလာပါတယ်။ စီနီယာအဆင့် ဝါရင့် ရှေ့နေကြီးတွေကတော့ လောလောဆယ် အဆင်ပြေနေသေးပေမယ့် ဂျူနီယာ ရှေ့နေလေးတွေအတွက် အလား အလာကတော့ သိသိသာသာကို ဆိုးရွားလာပါတယ်” ဟု ဆိုးလ်မြို့ရှိ ဥပဒေကျောင်းသားတစ်ဦးက ပြောကြားခဲ့ သည်။
Source: Korea Times
