CNI International News

ဘေကျင်း၊ ဩဂုတ် ၂၂

တရုတ်နိုင်ငံတွင် သန်းနှင့်ချီသည့် ဘွဲ့ရပညာတတ် လူငယ်များအကြား အလုပ်လက်မဲ့နှုန်း မြင့်တက်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် တရုတ် ဘွဲ့ရပညာတတ် လူငယ်များသည် အလုပ်အကိုင်ရရန် လစာငွေနည်းသည့် အလုပ်များကိုသာ ဝင်လုပ်နေပြီး အချို့လူငယ်များဆိုလျှင် မိဘများ၏ ပင်စင်ငွေများကိုပင် မှီခိုနေရခြင်းကြောင့် အလုပ်သမား လူတန်းစား အသစ်တစ်ခုကို ပေါ်ပေါက်စေခဲ့သည်။

တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်ကစပြီး စီးပွားရေး မတည်ငြိမ်မှုကြောင့် အပြီးသတ် မဆောက်လုပ်နိုင်သေးသည့် လူနေအိမ် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သန်းနှင့်ချီရှိခဲ့ပြီး လက်စမသတ်နိုင်သေးသော ထိုလူနေတိုက်ခန်း များကို "အမြီးပိုင်း ပုတ်နေသည့် အဆောက်အအုံများ (rotten-tail buildings)” ဟု ခေါ်ဆိုခဲ့သည်။

လက်ရှိတွင် အလုပ်လက်မဲ့လူငယ်များ မြင့်တက်နေသဖြင့် ထိုစကားလုံးကို အငှားယူသုံးသည့် အနေဖြင့် အမြီးပိုင်း ပုတ်နေသည့် ကလေးများ (rotten-tail kids)ဟူသော စကားလုံးဖြင့် အလုပ်သမား လူတန်းစားအသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

တရုတ်လူငယ်များ အလုပ်အကိုင်ရှာဖွေနေကြစဉ်

တရုတ်၏ ဘဏ္ဍာရေး၊ နည်းပညာနှင့် ပညာရေး ကဏ္ဍများအပေါ် စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုများနှင့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် အလုပ်သမားစျေးကွက်တွင် ယခုနှစ်အတွင်း တရုတ်ဘွဲ့ရလူငယ် အများအပြားသည် အလုပ်အကိုင်ရရှိရန် ရုန်းကန်နေရသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အသက် ၁၆ နှစ်မှ ၂၄ နှစ်အရွယ်ရှိ တရုတ်လူငယ် သန်း ၁၀၀ အတွက် အလုပ်အကိုင် ရရှိနိုင်မှု နှုန်းထားမှာ ၂၀ ရာခိုင်နှုန်းသာရှိခဲ့သည်။ 

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ၂၁ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်ဟု တရားဝင် ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

အရေအတွက်နှင့် ဖော်ပြရပါက တရုတ်လူငယ် သန်း ၁၀၀ အတွက် အလုပ်အကိုင် သန်း ၂၀ သာရှိနေသည့် သဘောဖြစ်သည်။

၂၀၂၄ ခုနှစ်တွင်လည်း အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ပြီး တရုတ်လူငယ်သန်း ၁၀၀ အတွက် အလုပ်အကိုင် ရရှိနိုင်သည့် နှုန်းထားမှာ ၁၇ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

တရုတ်လူငယ်များ အလုပ်အကိုင်ရှာဖွေနေကြစဉ်

တရုတ်၏ အိမ်ခြံမြေစျေးကွက် အကျပ်အတည်းကြောင့် အာဏာပိုင်များက စီးပွားရေးကို ချိန်ညှိလုပ်ဆောင်နေချိန် တွင် ယခုနှစ်နွေရာသီအတွင်း တရုတ်တွင် ဘွဲ့ယူခဲ့သည့် လူငယ်ပေါင်း ၁၁ ဒသမ ၇၉ သန်းရှိခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် လူငယ်များအတွက် အလုပ်အကိုင် ရရှိစေရေးသည် ဦးစားပေးကိစ္စ ဖြစ်ကြောင်း မကြာခဏ ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့သည် အလုပ်အကိုင် ပြပွဲများကဲ့သို့ လူငယ်များအတွက် အလုပ်များရရှိစေရန် နည်းမျိုးစုံ ကြိုးပမ်းခဲ့သော်လည်း အလုပ်လက်မဲ့နှုန်း မြင့်တက်နေခြင်းဖြစ်သည်။

"တရုတ်ဘွဲ့ရလူငယ် အများစုဟာ သာမန်လူတွေထက် အလုပ်အကိုင် အခွင့်အလန်းတွေ ပိုမိုကောင်းမွန်တဲ့ အလားအလာကို မျှော်လင့်ခဲ့ကြပါတယ်။ အခုတော့ ဘွဲ့ရရင်တောင် အလုပ်ရဖို့ မသေချာတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်" ဟု မီချီဂန်တက္ကသိုလ်မှ လူမှုဗေဒ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်သူ ယွမ်ကျိုး (Yun Zhou) က ပြောကြားခဲ့သည်။

Source: ရိုက်တာ