CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၁

ကျပ်ငွေတန်ဖိုး တရှိန်ထိုး ကျဆင်းလာမှုကြောင့် မြန်မာ-တရုတ်နယ်စပ်ဒေများ၊ မြန်မာ-ထိုင်း နယ်စပ် ဒေသများတွင် ကျပ်ငွေအစား နိုင်ငံခြားငွေကိုသာ ယခင်ကထက် ပိုမို လက်ခံ အသုံးပြုလာနေကြကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံများထံက သိရသည်။

ယခုကဲ့သို့ ဖြစ်လာခြင်းသည် မြန်မာကျပ်ငွေတန်ဖိုး မမာတော့သည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ မြန်မာကျပ်ငွေ တန်ဖိုးအတိုင်းအတာတစ်ခုတွင် ရပ်တန့်နေမည်ဆိုပါက ပြဿနာမရှိနိုင်သော်လည်း တရှိန်ထိုးကျဆင်းကာ ငွေကြေးဖောင်းပွမှုနှုန်း ပိုများလာသည့်အတွက် ယခုပြဿနာဖြင့် ကြုံရခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ပြောသည်။

“ငွေလဲလှယ်နှုန်းက မခိုင်မာပဲ ဖြစ်နေတဲ့အခါမှာ တစ်ဖက်မှာရှိတဲ့လုပ်ငန်းရှင်တွေ၊ ဈေးရောင်းတဲ့ လူတွေကလည်း ဒါသူတို့ကို အပြစ်သွားပြောလို့တော့မရဘူး။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံထဲမှာ ဘာကြောင့် ကိုယ့် နိုင်ငံငွေကို မသုံးစွဲလဲဆို အရေးယူမယ်ဆိုရင် အရေးယူလို့ရတယ်ဆိုပေမယ့် တကယ့်တကယ် ရောင်းတဲ့သူတွေက ၅ ကျပ်တန်ပစ္စည်းကို ၁၀ နဲ့ အမြတ်တင်ပြီးရောင်းလိုက်တယ်။ အဲဒီ ၁၀ နဲ့ ရောင်းလိုက်တဲ့အချိန်မှာ သူတို့ပြန်ဝယ် တော့ အဲဒီပစ္စည်းက ၁၅ ကျပ်ဖြစ်နေပြီဆိုတော့ ဘယ်လိုမှကို အဆင်မပြေနိုင်တော့ဘူး ပေါ့။ အဲဒါကြောင့် ခိုင်မာ တဲ့ငွေကြေးတစ်ခုရှိနေတဲ့ ယွမ်ဆို ယွမ်နဲ့ရောင်းမယ်၊ ဘတ်နဲ့ ရောင်းမယ်။ အဓိက ကတော့ ကျနော်တို့နိုင်ငံက ထုတ်တဲ့ငွေစက္ကူမဟုတ်ဘဲနဲ့ နိုင်ငံခြားငွေသုံးစွဲမှုများလာမယ်ဆိုရင်လည်း ကျနော်တို့မှာ ရှိတဲ့ နယ်စပ်မှာရှိတဲ့ ပြည်သူတွေက နိုင်ငံခြားငွေရတဲ့အလုပ် လုပ်နေတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ မြန်မာငွေနဲ့ ပိုက်ဆံရပြီးတော့ နိုင်ငံခြားငွေပဲသုံးပြီး နိုင်ငံခြားငွေနဲ့ပဲ ရောင်းမယ်ဆိုရင် သူတို့ စားဝတ်နေရေး ခက်ခဲမယ်” ဟု ၎င်းက ပြောသည်။

ယခင်ကတည်းက နယ်စပ်ဒေသများတွင် ကျပ်ငွေနှင့် နိုင်ငံခြားငွေကို တပြိုင်တည်း သုံးစွဲကြခြင်းဖြစ်သည်။

မြန်မာကျပ်ငွေ တစ်သောင်းတန်နှင့် ငါးထောင်တန်များ

သို့သော် ယခုအခါတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ အချို့ဆိုင်များမှာ ကျပ်ငွေအစား ယွမ်ငွေကိုသာ လက်ခံကြတော့ခြင်း၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်လည်း စက်သုံးဆီဖြည့်ရာ၌ ကျပ်ငွေနှင့်ဆိုပါက အကန့် အသတ်ဖြင့်သာရောင်းချပြီး ဘတ်ငွေပေးပါက လိုသလောက် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပြဿနာအား ဖြေရှင်းရန်အတွက် သက်ဆိုင်ရာဒေသရှိ အစိုးရအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန်လိုအပ်မှုများ ရှိလာနိုင်ကြောင်းလည်း ထောက်ပြကြသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေတန်ဖိုး မြင့်တက်လာနေခြင်းသည် တိုင်းပြည် ဆင်းရဲသွားသည့် သဘောကို ဖော်ပြကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

“သူများတိုင်းပြည်နဲ့ ကိုယ့်တိုင်းပြည်နဲ့ ယှဉ်မယ်ဆိုရင် ကိုယ်ကဆင်းရဲ၊ ဆင်းရဲသွားတာ။ သူများက ပိုပြီး ချမ်းသာ၊ ချမ်းသာလာတာ။ ပြီးခဲ့တဲ့ နှစ် ၃၀ က ဘတ်ဈေးနဲ့ အခု ဘတ်နဲ့ ကျပ်နဲ့ လဲတဲ့ဈေးနဲ့ မတူတော့ဘူးလေ။ ဒါက တိုင်းပြည် ပိုပိုပြီးတော့ ဆင်းရဲသွားတာကိုပြတာပေါ့။ ဒါသည် ကိုယ့်တိုင်းပြည်က စီးပွားရေးအနေအထားက စွမ်းဆောင်ရည်မရှိလို့ပေါ့။ အဓိကက စီးပွားရေးစနစ်ကြီးကမှားနေတာ ကြာပြီ။ ဒီပုံအတိုင်းဆက်သွားရင် ပြဿနာက ပိုပို ဆိုးဆိုးလာမှာပေါ့။ တစ်နည်းအားဖြင့် ကိုယ့်ငွေတန်ဖိုး ကျကျပြီး သူများငွေတန်ဖိုး တက်တက် လာလေ ကိုယ့်တိုင်းပြည်က ပိုပို ဆင်းရဲသွားတယ်ဆိုတဲ့ သဘောကို ဖော်ပြတာပေါ့” ဟု ၎င်းကပြောသည်။

ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေရန်အတွက် လာမည့် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ကာ ဘဏ်အတိုးနှုန်းများအား တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာ ထားသည်။

ကျပ်နှင့် နိုင်ငံခြားငွေကြေးတန်ဖိုး ကွာဟမှုမှာ အင်မတန်မြင့်မားလာနေသည့်အတွက် နယ်စပ်ဒေသများတွင် နေထိုင်သူများသာမက စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအပါအဝင် ပြည်သူလူထုအားလုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။