CNI International News

ကွာလာလမ်ပူ၊ ဩဂုတ် ၂၁

မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့၏ တင်းကြပ်သည့် ဗဟိုဘဏ်မူဝါဒများကြောင့် မလေးရှားနှင့်စင်္ကာပူ ငွေကြေးများ သည် လွန်ခဲ့သည့် ၁၈ လအတွင်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက တန်ဖိုးများ မြင့်တက်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အာရှနိုင်ငံများ၏ ငွေကြေးများအကြား မလေးရှား၏ ရင်းဂစ်ငွေကြေးနှင့် စင်္ကာပူဒေါ်လာတို့သည် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက စွမ်းဆောင်ရည်အမြင့်ဆုံး အာရှငွေကြေးများဖြစ်လာသည်။

အမေရိကန်ဗဟိုဘဏ်ကမူ အတိုးနှုန်းများ လျှော့ချဖြတ်တောက်ရန် စဉ်းစားနေချိန်တွင် မလေးရှားငွေ ရင်းဂစ်နှင့် စင်္ကာပူဒေါ်လာ တန်ဖိုးများ ခိုင်မာနေခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်တွင် ပြုလုပ်မည့် Jackson Hole ဆွေးနွေးပွဲမတိုင်မီ မလေးရှားနှင့် စင်္ကာပူ ဗဟိုဘဏ်များက ငွေကြေးမူဝါဒများကို တင်းကြပ်ထားခဲ့ခြင်းလည်း ဖြစ်သည်။

စီးပွားရေးလေ့လာသုံးသပ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်နိုင်ငံ၊ ဝိုင်အိုမင် (Wyoming) ပြည်နယ် Jackson Hole အပန်းဖြေစခန်းမြို့တွင် ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်မည့် Jackson Hole စီးပွားရေး ဆွေးနွေးပွဲ၌ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်း ပေါ်ဝဲလ် (Jerome Powell) ၏ မိန့်ခွန်းပြောကြားမှုကို လေ့လာ သုံးသပ်သွားကြမည်ဖြစ်သည်။

စင်္ကာပူဒေါ်လာကို တွေ့ရစဉ်

ဩဂုတ် ၂၀ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် မလေးရှားရင်းဂစ် ၄ ဒသမ ၃၇ ရင်းဂစ်ရှိခဲ့ပြီး ရင်းဂစ်ငွေကြေး၏ တန်ဖိုးသည် ဆက်လက်ခိုင်မာမှုရှိနေသည်။

မလေးရှားနိုင်ငံ၏ Bank Muamalat Malaysia Bhd ဘဏ်၏ စီးပွားရေးပညာရှင် ဒေါက်တာ မိုဟာမက် အက်ဖ်ဇာနီဇမ် အဗ္ဗဒူ ရာရှစ် (Mohd Afzanizam Abdul Rashid) ကလည်း အမေရိကန် တစ်ဒေါ်လာလျှင် ၄ ဒသမ ၃၇ ရင်းဂစ်မဖြစ်ခင် ၁ ဒသမ ၃၆၃၅ ရင်းဂစ်အထိ တန်ဖိုးမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ငွေလဲလှယ်မှု နှုန်းထားသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အမြင့်ဆုံး အဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ရာရှစ်က ပြောကြားခဲ့သည်။

စင်္ကာပူဒေါ်လာသည်လည်း မလေးရှား ရင်းဂစ်(မလေးရှားငွေ)ပြီးလျှင် ဒုတိယ စွမ်းဆောင်ရည် အကောင်းဆုံး အာရှငွေကြေးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဩဂုတ် ၂၀ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၃၁ ဒေါ်လာရှိခဲ့ပြီး ထိုနှုန်းထားသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်ခဲ့သည်။

Source: Nikkei Asia