CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ပြည်တွင်းတွင် SKD စနစ်ဖြင့် ကားထုတ်လုပ်မှု ရပ်နားနေခြင်းကို တားဆီးနိုင်ဖို့အတွက် အစိုးရအနေဖြင့် မူဝါဒများ ဖြေလျှော့ ပေးရန် လိုအပ်သည်ဟု ကားမူဝါဒ ကျွမ်းကျင်သူများနှင့် ကားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပမှ မော်တော်ယာဉ် အစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်နေသည့် မော်တော်ကား ကုမ္ပဏီအများစုသည် အမေရိကန် ဒေါ်လာဈေးနှုန်း ကွာဟချက်များ ရှိနေခြင်းနှင့် လိုအပ်သည့် အစိတ် အပိုင်းများ တင်သွင်းရန် အစိုးရမှ ချမှတ်ထားသည့် တင်သွင်းခွင့် မူဝါဒများကြောင့် ယာယီ ရပ်နားမှုများ ရှိလာခဲ့ကြသည်။

ထို့ကြောင့် ထုတ်လုပ်မှု မရပ်နားစေရန် အစိုးရအနေဖြင့် ချမှတ်ထားသည့် မူဝါဒများကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း၊ ဖြေလျှော့မှု မရှိပါက SKD စနစ်ဖြင့် ကားထုတ်လုပ်မှုများ ထပ်မံ ရပ်နားသွားနိုင်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစိုးရရဲ့ ပေါ်လစီပေါ်မှာ လိုက်ပြီးတော့ လုပ်ဆောင်ရတဲ့ ကုမ္ပဏီတွေရဲ့ အပိုင်းရှိတယ်။ ကုမ္ပဏီတွေမှာလည်း ကိုယ် ပိုင် ပေါ်လစီတွေ ချလို့ရတာ ရှိတယ်။ ဥပမာ ဆူဇူကီးဆိုရင် အမေရိကန်ဒေါ်လာနဲ့ Spare parts ပစ္စည်းတွေ ပြည်ပကနေ သွင်းပြီးတော့မှ ယာဉ်အပိုပစ္စည်းတွေ သွင်းတယ်။ ပြီးသွားတော့မှ ကားတပ်ဆင် ထုတ်လုပ်မယ့် အစိတ်အပိုင်းတွေကို အမေရိကန် ဒေါ်လာနဲ့ တင်သွင်းနေမယ့်အစား သူတို့က ဂျပန်ကနေ လာပြီးတော့ လုပ်တဲ့ကုမ္ပဏီ ဖြစ်တဲ့အခါကျတော့ ဂျပန်ယန်းနဲ့ရော ဝယ်ယူတင်သွင်းလို့ မရဘူးလားဆိုတဲ့ ကုမ္ပဏီဘက်ကို ကျနော်တို့ မေးခွန်း ပြန်မေးရမှာပေါ့။ အမေရိကန် ဒေါ်လာမှာ ဒီလို error ဖြစ်နေတယ်။ အမေရိကန်ဒေါ်လာနဲ့ ပတ်သက်ပြီး ငွေလွှဲနှုန်းတွေကြောင့် ဒီလိုမျိုး အစိတ်အပိုင်းတွေ လုပ်ဖို့ ခက်နေ တယ် ဆိုလို့ရှိရင် ဂျပန်ပစ္စည်းတွေ ဖြစ်နေတဲ့အခါကျတော့ ဂျပန်ယန်းနဲ့ ပေးချေလို့ရအောင် ကုမ္ပဏီဘက်က လုပ်ဆောင်လို့ မဖြစ်နိုင်ဘူးလား။ တရုတ်က ယွမ်နဲ့ လုပ်သလို သူတို့ဘက်က ယန်းနဲ့ လုပ်လို့မရနိုင်ဘူးလား ကုမ္ပဏီဘက်က စဉ်းစားပြီးတော့ လည်ပတ်လို့ရမယ်ဆိုရင် လည်ပတ်လို့ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ကားများ ထုတ်လုပ်တပ်ဆင်နေခြင်း

ထို့နောက် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံထုတ်များမှ SKD ကားများကို ဒေါ်လာဖြင့် လုပ်ဆောင်နေခြင်းအစား သက်ဆိုင်ရာနိုင်ငံက ငွေကြေးနှင့် ဆောင်ရွက်မည်ဆိုပါက အဆင်ပြေနိုင်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံ က ပြောသည်။

၎င်းက “ကုမ္ပဏီရဲ့ မူဝါဒတွေက ဘယ်လိုမျိုး ချမှတ်ထားလဲ၊ သူတို့ ဘယ်လိုမျိုးသွားတယ်ဆိုတာတွေ မသိနိုင်တဲ့ အခါကျတော့ ငွေလွှဲနှုန်း မတည်ငြိမ်တဲ့ ပြဿနာတွေရယ်၊ ယာဉ်အပိုပစ္စည်း တင်သွင်းဖို့ ခက်ခဲနေတယ်ဆိုတဲ့ အခြေအနေမျိုးရယ်၊ ယာဉ် အပိုပစ္စည်း တင်သွင်းဖို့ ခက်ခဲတယ်ဆိုတဲ့ ၂ ရပ်မှာတော့ ၂ ရပ်စလုံးနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေကတော့ အရင်ဆုံး ရပ်သွား နိုင်တယ်။ အဲဒီမှာ တဖြည်းဖြည်းချင်းနဲ့တော့ အစိုးရဘက်က ပေါ်လစီတွေ၊ မူဝါဒတွေမှာ ပြောင်းလဲမှုတွေ၊ ဖြေလျှော့မှုတွေ မရှိဘူးဆိုလို့ရှိရင်တော့ SKD ကားတွေလည်း တဖြည်းဖြည်းနဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာ အားနည်းချက်တွေ၊ လျော့လာတာတွေ ဖြစ်လာနိုင်ပါတယ်။ အရင်ဆုံးက အမေရိကန်ဒေါ်လာနဲ့ တိုက်ရိုက်ပေးချေပြီးတော့ တင်သွင်းနေရတဲ့ ကုန်ပစ္စည်းနဲ့ ကုမ္ပဏီတွေကတော့ အရင်ဆုံး ရပ်နားသွားနိုင်ခြေ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိ SKD စနစ်ဖြင့် ကားထုတ်လုပ် တပ်ဆင်သည့် ကုမ္ပဏီများ ကြုံတွေ့နေရသည့် အခက်အခဲများသည် အစိုးရမှ နိုင်ငံ ခြားငွေ လဲလှယ်မှုအပေါ် ထိန်းချုပ်လိုက်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

Suzuki ကား ရှိုးပြထားခြင်း

၎င်းက “ပုံမှန်တော့ ဆက်ထုတ်လုပ်ခွင့် ပြုသင့်တယ်လို့ ယူဆတာပေါ့။ ဒီလို ဆက်ထုတ်လုပ်မှုကိုလည်း တာဝန်ရှိတဲ့သူတွေ အနေနဲ့ ခွင့်ပြု ပေးသင့်တယ်လို့ ယူဆတယ်။ ဘာလို့လဲဆို နိုင်ငံခြား Investment ရင်းနှီးမြှုပ်နှံမှုက အင်မတန်ရှားတယ်။ ထွက်သွားပြီးရင် ပြန်ဝင်ဖို့ဆိုတာ အင်မတန်ခက်တယ်။ ဆူဇူကီး၊ ဟွန်ဒိုင်းတို့ဆိုတာ ၁၀၀ percent Foreign investment ဖြစ်တယ်။ ဆိုတော့ ဒါကို ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်မသွားအောင် နောက်ပြီးတော့ တကယ့်တကယ် SKD ဆိုတာ မြန်မာ နိုင်ငံမှာ တစ်စိတ်တပိုင်း တပ်ဆင်ထုတ်လုပ်တာ။ အဲဒီအောက်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး အခြေအနေရယ်၊ နောက် လစာ အခြေအနေ အပေါ်ရယ် အများကြီး မူတည်နေတယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း များတယ်။ များတဲ့အခါကျတော့ ဒါကို မရပ်နားအောင်တော့ သူတို့က လုပ်ပေးသင့်တယ်။ ဒါပေမယ့် သူတို့ကလည်း ဒေါ်လာငွေ ဈေးတက်တာနဲ့အတူ ဒေါ်လာ ဈေး တက်တာကို ထိန်းချုပ်ချင်တဲ့ အတွက်ကြောင့် တစ်စိတ်တပိုင်းကို တားဆီးလိုက်တဲ့သဘော ဖြစ်နေတဲ့အတွက်ကြောင့် ဒီမူဝါဒအပိုင်းမှာ တဖက်ဖက်မှာ သွားညှိလိုက်ရင် ညှိလိုက်ရင်မဟုတ်ဘူးနော် ိနေတဲ့အတွက်ကြောင့်မို့လို့ ကားတင်သွင်းခွင့် ကို မရတာဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ လည်ပတ်နေသည့် SKD စနစ် ကားစက်ရုံများသည် ယခင်က တင်သွင်း ထားပြီးသားဖြစ်သည့် အစိတ်အပိုင်းများ ဖြင့်သာ ဆက်လက် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရှိ SKD ကားစက်ရုံ ကုမ္ပဏီအားလုံး ယခုလို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ဦးမင်းမင်းမောင်က ဆက်ပြောသည်။

၎င်းက “တော်တော်များများ SKD ရှိတဲ့ ကုမ္ပဏီ တော်တော်များများက အဲလိုဖြစ်နေတာ ကြာပြီ။ ရှိနေတဲ့ သွင်းထားတဲ့ လက် ကျန်ကိုပဲ ဆက်ထုတ်နေတာ။ ဒါက အမှန်တကယ်ပြောရရင် အခုမှ တောက်လာတဲ့ မီး၊ ကြာပြီ သွင်းလို့မရတာ၊ SKD ထုတ်ခွင့် မရ၊ အခုမှ လက်ကျန် Stock လေးတွေ ကုန်ပြီးတော့ အသံထွက်လာတာ။ သူတို့အနေနဲ့ သွင်းလို့မရတာ ကြာပါပြီ။ ဆိုတော့ အားလုံးပဲ ဖြစ်နေတာပေါ့။ ဂျက်တောလည်း ပြီးရင်တော့ ကုန်သွားရင်တော့ သူဘယ်လိုစီစဉ်မလဲ မသိဘူး။ ထိုနည်းလည်း ကောင်းပဲ BAIC လည်း ထပ်သွင်းလို့မှ မရတာ။ နောက်ပြီးတော့ Ford လည်း ထိုနည်းလည်းကောင်းပဲ အမျိုးမျိုးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်းတွင် SKD စနစ်ဖြင့် ထုတ်လုပ် တပ်ဆင်နေသည့် ကားအမျိုးအစားများမှ ဆူဇူကီး၊ ဟွန်ဒိုင်း၊ ဂျက်တော၊ နီဆန်း၊ KIA၊ Ford စသည့် ကားအမျိုးအစားများ ဖြစ်ပြီး ထုတ်လုပ်နေသည့် ကုမ္ပဏီ ၁၀ ခုကျော် ရှိကြောင်း သိရသည်။