CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ပြည်တွင်းတွင် SKD စနစ်ဖြင့် မော်တော်ကား ထုတ်လုပ် တပ်ဆင်နေသည့် နာမည်ကြီး အမှတ်တံဆိပ် တစ်ခုဖြစ်သည့် ဆူဇူကီး ကားစက်ရုံသည် ပြည်ပမှ မော်တော်ကား အစိတ်အပိုင်းတချို့ တင်သွင်းရ ခက်ခဲမှုကြောင့် ယာယီရပ်နားသွား ကြောင်း မော်တော်ကားထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။

SKD ကားစက်ရုံ ဆူဇူးကီးသည် လတ်တလောတွင် ယာယီသာ ရပ်နားသွားခြင်းဖြစ်ပြီး ပိတ်သိမ်းခြင်းမဟုတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြော သည်။

ဦးမင်းမင်းမောင်က “ယာယီပဲ ပိတ်တာ၊ ပိတ်မသိမ်းဘူး။ ယာယီခဏရပ်တာ။ ပိတ်သိမ်းတာ မဟုတ်ပါဘူး။ ခဏရပ်တာ။ ပိတ် သိမ်းတယ်လို့ ပြောလို့မရဘူး။ ခဏရပ်တာ” ဟု ပြောသည်။

ကားတင်သွင်းခွင့် ပါမစ် ပိတ်ထားသော်လည်း ပြည်တွင်းတွင် ထုတ်လုပ် တပ်ဆင်နေသည့် SKD မော်တော်ယာဉ်များအတွက် လိုအပ်သည့် အစိတ်အပိုင်းများကို တင်သွင်းခွင့် ပြုထားကြောင်း သိရသည်။

ယခု ပြည်တွင်းတွင် ထုတ်လုပ် တပ်ဆင်နေသည့် ဆူဇူကီးကားစက်ရုံ ယာယီရပ်နားသွားရခြင်းသည် မော်တော်ကားဆိုင်ရာ အစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းရာတွင် အခက်အခဲ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင် ပြည့်စုံက ပြောသည်။

ဆူဇူကီး ကားထုတ်လုပ် တပ်ဆင်နေစဉ်



ဦးအောင်ပြည့်စုံ က “ကျနော်တို့ အခုသိရသလောက်က ဆူဇူကီးက ဒီကနေပြီးတော့ ပြည်ပကနေ အစိတ်အပိုင်းတွေ တင်သွင်း ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်နေတယ်။ ထုတ်လုပ်နေတဲ့အခါမှာ သူတို့ တင်သွင်းဖို့ အစိတ်အပိုင်းတွေနဲ့ ပတ်သတ်ပီးတော့ အခက်အခဲ ဖြစ် တယ်ပေါ့နော်။ အခက်အခဲ ဖြစ်တာမျိုး ကြားရတယ်။ အဲလိုကြားရတဲ့အတွက် သူတို့ကနေပြီးတော့ စက်ရုံကို ယာယီ ကား ထုတ်လုပ်မှုကို ရပ်နားလိုက်တယ်ဆိုတဲ့ သတင်းကိုပဲ ကျနော်တို့ အတည်ပြုနိုင်တာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်သည့် မော်တော်ကား အမှတ်တံဆိပ်များစွာ ရှိသည့်အနက် ဆူဇူကီးသည် ရောင်းအား အကောင်းဆုံးနှင့် နာမည်ရှိပြီးသား အမှတ်တံဆိပ် တစ်ခုဖြစ်သည်ဟု မော်တော်ကား ရောင်းဝယ်သူများထံမှ သိရသည်။

ယခုလို ဆူဇူကီးကားစက်ရုံမှ ပြည်တွင်း ကားထုတ်လုပ်မှုကို ယာယီရပ်နားလိုက်သော်လည်း ကားဈေးကွက်အပေါ် ကြီးမားစွာ ပြောင်းလဲစေနိုင်မှာ မဟုတ်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

ဆူဇူကီး ကားထုတ်လုပ် တပ်ဆင်နေစဉ်

၎င်းက “မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ ထုတ်လုပ်တပ်ဆင်တဲ့ မော်တော်ကားတွေ အများကြီး ရှိတယ်ပေါ့နော်။ ပြောမယ်ဆိုရင် ၁၀ ခုထက်မနည်း ရှိတယ်။ အဲဒီအထဲမှာ ဆူဇူကီးကတော့ ရောင်းအားအကောင်းဆုံး Brand တစ်ခု ဖြစ်တယ်။ ပြည်တွင်းမှာ လည်း နာမည်ရှိပြီးသာ Brand တစ်ခု ဖြစ်တယ်။ ပြောမယ်ဆိုရင်တော့ ဝယ်လိုအားရှိနေတဲ့ Brand တစ်ခုက ရုတ်တရက်ကြီး ရပ်လိုက်တော့ ကျနော်တို့ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ အဲဒီအတွက် ဈေးနှုန်း အပြောင်း အလဲ ဆိုတာကလည်း ဖြစ်လာနိုင်ပါတယ်။ ပုံမှန်ဈေးထက် ကားလက်ဝယ် ပိုင်ဆိုင်ထားတဲ့ သူတွေ၊ တကယ်လိုချင်တဲ့ သူတွေ က ဈေးပိုပြီးတော့ ပေးတာမျိုး၊ ဝယ်တာမျိုး အဲတော့ ကားဈေးကွက် အတက်ဘက်မှာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျနော် တို့ တချက် ပြန်ပြီးတော့ စဉ်းစားရမှာက ဆူဇူကီးက အမြဲတမ်း ပိတ်လိုက်တာ မဟုတ်ဘဲနဲ့ ယာယီပိတ်သိမ်းတယ်ပဲ သတင်း ထွက်လာတော့ ဒီကားတွေ ပြန်ထွက်လာရင် ဒီဈေးနှုန်းက ဘယ်လောက်ထိ အတက်ဈေးမှာ ရှိနေမှာလဲ။ အဲတော့ တကယ်လို အပ်တဲ့သူက အတက်ဈေးနဲ့ ဝယ်ကောင်း ဝယ်နိုင်တယ်။ အရမ်းကြီး အများကြီး ဝယ်တာမျိုး ဖြစ်လာမှာ မဟုတ်တဲ့အတွက် အပြောင်းအလဲ သိပ်ကြီးကြီးမားမားကြီး ဈေးကွက်ကို ရိုက်ခက်စရာ မရှိဘူးလို့ သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။

ထို့နောက် SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်နေသည့် ကားကုမ္ပဏီတချို့တွင် နိုင်ငံခြားငွေ ဝယ်ယူရခက်ခဲခြင်းနှင့် မြန်မာနိုင်ငံ ၏ ကားမူဝါဒများကြောင့် ထုတ်လုပ်မှု နှောင့်နှေးနေခြင်း ဖြစ်ကြောင်း၊ ထိုအခက်အခဲကို မဖြေရှင်းနိုင်ပါက နောက်ထက် ထုတ် လုပ်မှု ရပ်တန့် သွားနိုင်သည့် အခြေအနေများ ရှိနိုင်ကြောင်း မော်တော်ကား ရောင်းဝယ်သူများနှင့် ကားမူဝါဒ ကျွမ်းကျင်သူ များက ခန့်မှန်းနေကြသည်။