CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇

နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများနှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီ လုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည် စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင် ရွက်လျက်ရှိကြောင်း ဆိုထားသည်။

ထို့နောက် နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများ အပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူ ဆောင် ရွက်သွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ကျပ် ၃၁၂၀ ရှိပြီး ရောင်းဈေးအနေဖြင့် တစ်ဒေါ် လာ ကျပ် ၃၁၆၀ ဈေးနှုန်းရှိသည်။ ဗဟိုဘဏ်ကမူ အမေရိကန် တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးနှုန်းသတ်မှတ် ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲနေခြင်းနှင့်အတူ ဒေါ်လာဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ အတက်ဘက်ကို ရောက်ရှိနေသည်။