CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာငွေလဲလှယ်ခွင့်ကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုလိုက်ခြင်း မှောင်ခိုဈေးကွက် ပပျောက်သွားနိုင်သလို ဒေါ်လာရှားပါးမှု အခက်အခဲများလည်း ဖြေရှင်းသွားနိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

နိုင်ငံခြား‌ငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် အ‌ရောင်းအဝယ်ပြုလုပ်ရာ တွင် ငွေလဲလှယ်နှုန်းကို ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူများက လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ယခင်က ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် ရောင်းချကြရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ဗဟိုဘဏ်ပေါက်ဈေးနှင့် မှောင်ခိုဈေးကွက်ဟူ၍ ၂ မျိုးဖြစ်ပေါ် ခဲ့သည်။

ထို့နောက် ဒေါ်လာဈေးနှုန်းကို ကန့်သတ်ထားခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်တွင်းရှိ ကျောက်ကုန် သည်များက ဒေါ်လာကို သိမ်းဆည်းထားမှုများ ရှိလာသည်။

လက်ရှိတွင် ဗဟိုဘဏ်က ဒေါ်လာကို လွတ်လပ်စွာ ရောင်းချခွင့် ပြုလိုက်ခြင်းကြောင့် သိမ်းဆည်းထားသည့် ဒေါ်လာများသည် ဈေးကွက်အတွင်းသို့ ရောက်ရှိလာနိုင်သည့်အတွက် မှောင်ခိုဈေးကွက်လည်း ပပျောက်သွားမည် ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ထည့်ရန် စောင့်ဆိုင်းနေကြစဉ်

၎င်းက “ဒေါ်လာဈေးကတော့ တက်ဖို့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် မျှခြေတစ်ခုလောက် ရောက်သွားရင် ဒေါ်လာ ဈေးက တန့်သွားပြီးတော့ သူ့ဟာသူ ဒေါ်လာပြန်ဝင်လာလိမ့်မယ်။ အပြင် ကုန်သည်မှာရှိနေတဲ့ ဒေါ်လာတွေ ရှိ တယ် မသွင်းဘဲ ထားထားတဲ့ ဒေါ်လာတွေပေါ့နော်။ အဲဒါတွေ ပြန်ဝင်လာရင် ဘာပဲပြောပြော မျှခြေတစ်ခုလောက် ရောက်သွားရင် ဈေးနှုန်းက အဲဒီထက် မတက်တော့ဘူး။ ဒေါ်လာဈေး တက်သွားလည်း သူနဲ့ကိုက်တဲ့ ဘတ်တို့၊ ယွမ်တို့က တွက်ခြေရှိတဲ့ဟာ ပြန်ဝင်လာမှာပေါ့။ သူက ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်သွားပြီလေ။ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်သွားတော့ မှောင်ခို မရှိတော့ဘူးလေ။ အစိုးရတောင်မှ ဒေါ်လာကို မဝယ်နိုင်တဲ့ အနေအထား ဖြစ်သွားမယ်။ သွင်းလာကြမှာကိုး။ ၄၂၀၀ လောက်ထိ ဒေါ်လာက သွားမယ်။ အစိုးရကလည်း ဖွင့်ပေးပြီ။ ဒေါ်လာ ဈေးကလည်း အဲဒီလောက်ထိ ပွင့်ပွင့်လင်းလင်းနဲ့ မျှခြေတစ်ခုထိ ရောက်သွားမယ်ဆိုရင်တော့ အဲဒီထက် ပြန်တက် စရာလမ်း မရှိတော့ဘူးလေ။ ကုန်ဈေးနှုန်းကတော့ ကျစရာ မရှိဘူး။ ကုန်ဈေးနှုန်းကတော့ ဒီတန်းနေတဲ့အတိုင်းပဲ သွားစရာရှိတဲ့ နှုန်းအတိုင်းပဲ သွားနေမှာ။ ဒီထက်တော့ ကျစရာလမ်း မရှိဘူး။ ဆီလည်း တစ်လီတာကို ၃၀၀၀ လောက်အထိ ဆရာတို့ မှန်းတယ်” ဟု ပြောသည်။

အစိုးရက ကန့်သတ်ထားသည့် ဒေါ်လာဈေးနှုန်းကို ဖွင့်ပေးလိုက်ခြင်းသည် စီးပွားရေးပိတ်ဆို့မှု ခံထားရခြင်းကို ဖြေရှင်းနိုင်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေရခြင်းကို ပင်လယ်ရေ ကြောင်း ကုန်သွယ်ရေးဖြင့် အစားထိုး လုပ်ဆောင်ရန်တို့အတွက် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ဒေါ်လာကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိသွားပြီဖြစ်သည့်အတွက် ပို့ကုန်တင်ပို့သည့် ကုန်သည်များအတွက် အကျိုးရှိလာပြီး ပို့ကုန်များ ပိုမိုတင်ပို့လာနိုင်ကြောင်း သိရသည်။

သို့သော်လည်း တစ်ဖက်တွင် သွင်းကုန် တင်သွင်းသူများအနေဖြင့် ဒေါ်လာဈေးနှုန်း အတက်အကျပေါ် မူတည်၍ အခက်အခဲ ရှိနိုင်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်တော့ အစိုးရက အရင်တုန်းက ၂၁၀၀ နဲ့ လဲခွင့်ပေးတော့ အခုက ဖွင့်ပေးလိုက်တဲ့ အခါကျ တော့ import လုပ်မယ့်သူတွေက ဒေါ်လာဈေးက ၂၁၀၀ ထက် ပိုများသွားတာပေါ့။ ပိုများသွားတဲ့အတွက် သူတို့မှာ ပိုများတဲ့စရိတ်တော့ ဖြစ်သွားတာပေါ့။ အဲဒီစရိတ် ဖြစ်သွားတဲ့ဟာကို သူတို့ ဘယ်လိုစဉ်းစားမလဲဆိုတာ စကား ပြောတာပေါ့။ သူက ယေဘုယျ သဘောကတော့ အလုပ်လုပ်တယ်ဆိုတာ ဘယ်လုပ်ငန်းရှင်မှ အရှုံးမခံဘူးလေ။ စီးပွားရေးလုပ်ငန်းဆိုတာ အဓိက သူ့ရဲ့ရည်ရွယ်ချက်က အမြတ်ပဲကိုး။ အဲဒီတော့ ဒါရဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တာပေါ့” ဟု ပြောသည်။

သို့သော်လည်း ရေရှည်တွင် ပြည်တွင်း၌ ဒေါ်လာ လိုအပ်ချက် နည်းပါးလာမည် ဖြစ်သည့်အတွက် သွင်းကုန် တင်သွင်းရာတွင် လွယ်ကူသွားမည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အခြေခံလူတန်းစားတစ်ရပ်ကိုတွေ့ရစဉ်

၎င်းက “တစ်ဖက်က ပြန်ကြည့်လို့ရှိရင် import အတွက် ဒေါ်လာများများ ရလာပြီဆိုလို့ရှိရင် အရင်တုန်းကထက် လွယ်လွယ်ကူကူ သွင်းလို့ရမယ်။ အရင်တုန်းက ဒေါ်လာလိုက်ရှာရတဲ့စရိတ်က အဲဒီစရိတ် ကျသွားမယ်။ ဒါပေမယ့် ဒေါ်လာဈေး တက်သွားမယ်။ 

Inflation(ငွေကြေးဖောင်းပွမှု)ကို သွားပြီးတော့ ရိုက်ခတ်မှုရှိမယ်။ ဒါပေမယ့် နည်း နည်းပါးပါးပါ။ ဒါပေမယ့် တစ်ဖက်မှာကျတော့ exporter သမားက export များများ ပို့နိုင်မယ်။ နောက် နိုင်ငံခြား ကနေ ပြန်လွှဲတာတွေ ဝင်လာမယ်ဆိုရင် အဲဒါတွေက positive Effect ပေါ့။ နှစ်ခုယှဉ်ကြည့်ရင်တော့ ကောင်းကျိုး နဲ့ ဆိုးကျိုးက ကောင်းကျိုးက များပါတယ်” ဟု ပြောသည်။

ဒေါ်လာရောင်းဝယ်မှုကို ယခင်ကတည်းက ထိန်းချုပ်မှု မပြုလုပ်ထားသင့်ကြောင်း၊ ထိုသို့ ထိန်းချုပ်မှု ပြုလုပ်ထား ခြင်းကြောင့် ဒေါ်လာဈေးနှုန်းသည် ပို၍ မြင့်တက်သွားရခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ်လာ ရောင်းဝယ်မှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုလိုက်ခြင်းကြောင့် ဒေါ်လာဈေးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာနေသော်လည်း ရေရှည်တွင် တည်ငြိမ်သွားမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ဒေါ်လာဈေးနှုန်းသည် ဈေးတန်းတစ်ခုတွင် တည်ငြိမ်မှသာ ပြည်တွင်းရှိ ကုန်ဈေးနှုန်းများ တည်ငြိမ်ပြီး စီးပွားရေး လုပ်ငန်းရှင်များလည်း လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေလာမည် ဖြစ်ကြောင်း၊ ထို့နောက် အခြေခံ အလုပ် သမားများကလည်း အလုပ်များနှင့် လုပ်ခလစာများ အဆင်ပြေမည် ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။