CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂

စက်သုံးဆီ ဝယ်ယူရခက်ခဲသော ပြဿနာသည် မော်တော်ယာဉ်ရှိသည့် လူတန်းစားများသာ ခံစားရခြင်းမဟုတ်ဘဲ မြန်မာ တစ်နိုင်ငံလုံးရှိ လူထုအားလုံးနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာအနေဖြင့် အမြန်ဆုံးဖြေရှင်းရန် လိုအပ် ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် အကြံပေးများက CNI သတင်းဌာနသို့ ပြောသည်။  

နှစ်ပတ်၊ သုံးပတ်ခန့်ကြာသည်အထိ ထိုပြဿနာအား မဖြေရှင်းနိုင်ပါက ကုန်ဈေးနှုန်းမြင့်တက်ခြင်း အပါအဝင် အခြားသော ပြဿာနာများဖြင့်ပါ တစ်နိုင်ငံလုံး ခံစားရမည်ဖြစ်၍ စက်သုံးဆီ ဝယ်ယူရခက်ခဲသည့် ပြဿာနာအား ပေါ့တန်တန် မတွေးသင့်ကြောင်း စီးပွားရေးလေ့သာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နံပါတ်တစ်က ကုန်သွယ်မှု ကိစ္စတွေမှာ၊ သယ်ယူပို့ဆောင်ရေး ကိစ္စတွေမှာ ပြဿနာရှိလာနိုင်တယ်။ ခရီး သည် ပို့ဆောင်ရေးတွေမှာလည်း ပြဿနာရှိလာနိုင်တယ်။ ကုန်စည် စီးဆင်းမှုမှာလည်း အဟန့်အတားတွေ ဖြစ်လာနိုင်တယ်။ နောက် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကလည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကုန်ထုတ် လုပ်မှု လုပ်ငန်းတွေက ဆီလည်း မသိုလှောင်ရဘူးဆိုတော့ မီးကလည်း မမှန်တော့ မီးစက်တွေနဲ့လည်တဲ့အခါ ဆီက မလှောင်ထားလို့လည်း မဖြစ်ပြန်ဘူး။ နောက် ဘဏ်တွေပေါ့နော် ဘဏ်တွေမှာကလည်း မီးစက်ကြီးတွေ လည်ရတယ်။ ဘဏ်တွေမှာ မီးမလာတဲ့အချိန် မီးစက်လည်ဖို့ ဆီမရှိရင် ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် တိုင်းပြည် စီးပွားရေး ကမောက်ကမ ဖြစ်သွားနိုင်တဲ့ အလားအလာရှိတယ်ဆိုတာ သုံးသပ်ရတယ်။ ဒါကြောင့် ဒီကိစ္စကို အလျင်အမြန် ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။

စက်သုံးဆီ ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာ ၅ ရက်နေ့တွင် နိုင်ငံခြားငွေ လဲလှယ်ရေးနှင့်ပတ်သက်၍ ထုတ်ပြန် လိုက်ပြီးနောက် ယခုကဲ့သို့ စက်သုံးဆီဝယ်ယူရ ခက်ခဲသည့် ပြဿနာများ ကြုံတွေ့လာရခြင်းဖြစ်ပြီး  အချိန်ကာလ အားဖြင့် တစ်ပတ်ခန့် ရှိနေပြီဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ ရုတ်တရက် ထုတ်ပြန်ချက် ထုတ်ပြန်လိုက်ခြင်းအစား လုပ်ငန်းရှင်များထံ ကြိုတင် အသိပေးပြီးမှ ထုတ်ပြန်သင့်ကြောင်း၊ ထိုသို့ အသိပေးလိုက်ပြီးမှသာ လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရန် အချိန်ရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် အကြံပေးများက ထောက်ပြကြသည်။

စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က “ကုန်သည်ရဲ့ သဘောသဘာဝကတော့ အရှုံးခံပြီး ရောင်းမှာ မဟုတ်ဘူးလေ။ အဲဒီအတွက် သူတို့က ရှိတဲ့ဟာကို အကုန်မထုတ်ဘဲနဲ့ ထိန်းပြီးရောင်းနေတဲ့ သဘောမျိုး ဖြစ်သွား တာပေါ့။ သူတို့က ဒီပြဿနာကို ပြေလည်အောင် လုပ်လိုက်ပေမယ့်လည်း လာထိတဲ့အခါမှာ ပြည်သူက အရင်ဆုံး ထိတာပေါ့။ အခုက စဖြစ်တဲ့အနေအထား ဖြစ်တဲ့အခါကြတော့ လူတွေက ဒီအပေါ်မှာ အရမ်းကြီး ပေါ့ပေါ့ပါးပါး လေးပဲ တွေးနေတုန်း။ တကယ်တမ်း ဒါကြီးက တကယ့်ပြဿနာအကြီးကြီး ဖြစ်လာမယ့် အနေအထားမျိုးရှိတယ်။

 ဗဟိုဘဏ် တစ်ခုတည်းကလည်း လုပ်လို့မရဘူးပေါ့။ ဒီဟာတွေနဲ့ ဆက်စပ်နေတဲ့ ဌာနတွေ အားလုံးက ဒီအပေါ်မှာ အကုန်လုံး ဝိုင်းစဉ်းစားပြီး လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ ငါတို့တောင် တွေးနိုင်တာ သူတို့ဘာလို့ မလုပ်နိုင်တာ လဲ။ သူတို့ဘာလို့ မလုပ်ကြတာလဲပေါ့။ ဌာနတစ်ခုနဲ့တစ်ခုက ချိတ်ဆက်ပြီး လုပ်ဆောင်မှုမှာ အားနည်းတယ်။ အဲဒီဟာတွေလည်း ပါမယ်။ အပေါ်မှာ Politics ဘယ်လိုကစားနေလဲဆိုတာ သူတို့ပဲသိမယ့် ကိစ္စမျိုးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများသည် လက်ရှိတွင် နွေစပါးစိုက်ပျိုးရတော့မည်ဖြစ်ကြောင်း၊ စက်သုံးဆီကို အသုံးပြု၍ ဆည်ရေဖြင့် ရေသွင်း/ရေထုတ်ခြင်း၊ ထွန်ယက်ခြင်းများပြုလုပ်ကြကြောင်း၊ ရေရှည်အထိ စက်သုံးဆီဝယ်ယူရ ခက်ခဲနေဦးမည် ဆိုပါက ထုတ်လုပ်မှု အများအပြား လျော့ကျနိုင်သကဲ့သို့ လုံးဝ မထုတ်လုပ်နိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း၊ နောက်ဆုံးတွင် အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နွေစပါးရာသီအတွက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို သက်သာသော ဈေးနှုန်းဖြင့် လုံလောက်စွာရရှိရေး ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသော် လည်း  စောင့်ကြည့်ရဦးမည်ဟု စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး ကိုဇော်မင်းနိုင်က ဆက်ပြောသည်။

စက်သုံးဆီ ထည့်ရန် စောင့်ဆိုင်းနေကြစဉ် (စုမြတ်ထွေး)

လက်ရှိတွင် စက်သုံးဆီ ဝယ်ယူရခက်ခဲနေသည့်ကြား၌ လမ်းဘေးတွင် ရေသန့်ဘူးများဖြင့် စက်သုံးဆီများကို မူရင်းနှုန်းထားထက် နှစ်ဆ၊ သုံးဆခန့် တိုးမြှင့်ရောင်းချနေသည့် ဆိုင်များလည်း ပေါ်ထွက် လာသည်ကို တွေ့ရ သည်။

အဆိုပါ မှောင်ခိုဈေးကွက်ကြောင့် စက်သုံးဆီ ရောင်းချပေးသည့် ဆိုင်ကြီးများ အနေဖြင့် ပါဆယ်ဖြင့် လာရောက် ဝယ်ယူသူများကို မရောင်းချတော့ခြင်းဖြစ်ကြောင်း၊ သို့သော် စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီလုပ်ငန်းများအတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးသင့်ကြောင်း စီးပွားရေးလေ့သာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကိုယ်တာဝယ်ယူခွင့်တော့ ပေးသင့်တာပေါ့နော်။ စာအုပ်လေးနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်ပေး သင့် တယ်လို့တော့မြင်ပါတယ်။ ဗမာပြည်မှာက crisis တစ်ခုဖြစ်လာရင် အဲဒီ crisis ကိုမူတည်ပြီး လုပ်စားတဲ့ လူတန်းစားတစ်ရပ် ပေါ်လာတယ်။ ဘဏ်တုန်းကလည်း crisis ဖြစ်တုန်းက နေရာကအစ ရောင်းစားတဲ့ လူတန်းစားတစ်ရပ် ရှိလာတယ်။ စားအုန်းဆီလည်း စားအုန်းဆီမို့လို့ တန်းစီတယ်၊ ပြန်ရောင်းစားတဲ့ လူတန်းစား တွေက ရှိတယ်။ အခုစက်သုံးဆီမှာလည်း ထိုနည်းတူပဲ လက်လုပ်လက်စားတွေပါသလို လက်လုပ်လက်စား မဟုတ်ဘဲနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါ အဲဒီအထဲမှာ ဝင်လုပ်စားတာတွေရှိတယ်။ အဲဒီလောက်တော့ မကောင်း ဘူးပေါ့” ဟု ပြောသည်။

စက်သုံးဆီလွယ်ကူစွာ ဝယ်ယူ၍ မရသည့်အပြင် ပါဆယ်ရောင်းချခြင်းများလည်း မရှိသည့်အတွက် ဆေးရုံ၊ ဆေး ပေးခန်းများတွင် လျှပ်စစ်မီး ပြတ်တောက်သည့်အခါ အောက်ဆီဂျင်ရှူရမည့် လူနာများအတွက်ပါ သက်ရောက်မှု များရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် အကြံပေးများက ထောက်ပြကြသည်။

ထို့အပြင် စက်သုံးဆီ ဝယ်ယူရလွယ်ကူ သွားမည်ဆိုပါကလည်း ဆီဈေးနှုန်းများမှာ လက်ရှိနှုန်းထားထက် ပို၍ မြင့်တက်သွားနိုင်ချေရှိကြောင်း၊ ထိုနှုန်းထားနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ နည်းလမ်းများ ကြိုတင်စဉ်းစားထားသင့်ကြောင်း ၎င်းတို့က အကြံပြုသည်။