CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁

လောက်ကိုင်မြို့၌ အလုပ်လုပ်ကိုင်သူများသည် တိုက်ပွဲနှင့် ကုန်ဈေးနှုန်းတို့ကြောင့် နေရပ်ပြန်ရန် လားရှိုးမြို့သို့ ဆင်းလာကြသော်လည်း မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသူ အများအပြားရှိနေသကဲ့သို့ ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့၏ ဖမ်းဆီးခြင်းကိုပါ ကြုံတွေ့နေရကြောင်း ကာယကံရှင် မိသားစုဝင်များက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက လောက်ကိုင်မြို့မှ နေရပ်သို့ပြန်ရန် ဆင်းလာကြခြင်းဖြစ်ပြီး ယနေ့အချိန်အထိ တစ်စုံတစ်ရာ အဆက်အသွယ်မရသေးဘဲဖြစ်ကာ ကိုးကန့်တပ်ဖွဲ့မှ ပြန်လွှတ်ပေး၍ လွတ်မြောက်လာသူ အသိ တစ်ဦးထံမှ တပ်သားစုဆောင်းရန် ဖမ်းဆီးခံထားရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ၏ ချစ်သူ ဖြစ်သူ မဧကရီက CNI သတင်းဌာနသို့ ပြောသည်။

“၂၅ ရက်နေ့ကတည်းက ပြန်တာ ဒီနေ့အထိပဲ။ လမ်းမှာ ချင်းရွှေဟော်မှာ အဖမ်းခံရတာ။ သူတို့က တိုင်းရင်းသား ဆိုလို့ရှိရင် အကုန်ဖမ်းတယ်လို့ ပြောတယ်။ ညီမကောင်လေးက ဘယ်လိုအဖမ်းခံရတာလဲမသိဘူး။ သူနဲ့ အဆက် အသွယ် မရလို့လေ။ သူကတော့ ကရင်မ တစ်ယောက်နဲ့အတူတူ ဆိုင်ကယ်နဲ့ပြန်တယ်လို့ပြောတာ။ ပထမဂိတ် မှာကတော့ သူ့ကိုယ်သူ ကရင်လို့ ပြောတယ်ပေါ့။ ကရင်လို့ပြောရင် ဖုန်းမသိမ်းဘူး။ နောက်ဂိတ်တွေကြတော့ တိုင်းရင်းသားဆိုလို့ရှိရင် ဖမ်းသွားတာ။ အဲဒီလိုပဲနေမှာ။ ၂ ယောက်လုံး အဖမ်းခံရတယ်ပြောတယ်။ သူတို့ အဖမ်း ခံရတယ်ဆိုတာကြတော့ သူတို့နဲ့အတူတူ အဖမ်းခံရတဲ့အထဲမှာ ညီအစ်ကိုနှစ်ယောက်ရှိတယ်။ ညီအစ်ကို နှစ်ယောက်ဆိုရင် တစ်‌ယောက်ကို လွှတ်ပေးတာ။ ပြန်လွတ်လာတဲ့တစ်ယောက်က ညီမတို့ကိုဆက်သွယ်တာ။ တစ်ယောက်ကို ပြန်လွှတ်ပေးတဲ့အချိန်ကြတော့ ညဘက်ကြီး ချင်းရွှေဟော်ကို ပြန်ပို့ပေးတယ်ပြောတယ်။ ဖမ်းတာကတော့ ဝ ပြည်ထဲမှာပဲတဲ့ နမ့်တစ်ကနေ ကျော်သွားတာတဲ့ နေရာတော့ သေချာမမှတ်မိဘူးတဲ့” ဟု ၎င်းက ပြောသည်။

လောက်ကိုင်မြို့တွင် ပဲခူး၊ မကွေး၊ ရန်ကုန်၊ စစ်ကိုင်း အပါအဝင် အခြားဒေသများမှ သွားရောက် အလုပ်လုပ်ကိုင် နေကြသူ အများအပြားရှိပြီး လက်ရှိရှမ်းမြောက်တိုက်ပွဲကြောင့် စိုးရိမ်မှုဖြင့် လားရှိုးမှတဆင့် နေရပ်သို့ ပြန်ရန်  ဆင်းလာကြခြင်းဖြစ်သည်။

လားရှိုးမြို့သို့ ဆင်းလာကြသူများ

ထိုသို့ ဆင်းလာကြရာတွင် ငွေကြေးအများအပြား အကုန်ကျခံကာ ဆိုင်ကယ်၊ ကားများဖြင့် ပြန်လာသူများ ရှိသကဲ့သို့ ငွေကြေး မတတ်နိုင်သူများမှာ လားရှိုးမြို့သို့ ခြေလျင်ဖြင့် လမ်းလျှောက်ဆင်းလာကြသူ အများအပြား ရှိကြောင်းလည်း ဒေသခံများထံက သိရသည်။

လောက်ကိုင်မှ ပြန်ဆင်းလာသော်လည်း မိသားစုများနှင့် အဆက်အသွယ်မရသည့်အတွက် လူမှုကွန်ရက် စာမျက်နှာတို့တွင် တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးရန် ဖုန်းနံပါတ်များဖော်ပြကာ မေတ္တာရပ်ခံ ထားကြသူ အများအပြားလည်း ရှိသည်။

သို့သော် ဖုန်းနံပါတ်တင်ထားသည့် မိသားစုများအနေဖြင့် ငွေကြေးလိမ်လည်တောင်းခံခြင်းများလည်း ကြုံတွေ့ နေရကြောင်း လောက်ကိုင်မှ နိုဝင်ဘာ ၁၈ ရက်နေ့ကတည်းက ပြန်ဆင်းလာသော မိသားစုဝင် ၆ ဦးနှင့် ယနေ့ အထိ အဆက်အသွယ်မရရှိသေးသည့် ဦးဥာဏ်က CNI သတင်းဌာနသို့ ပြောသည်။

“အဆက်အသွယ်မရတာက ပြီးခဲ့တဲ့လ ၁၈ ရက်နေ့ကတည်းက၊ အဆက်အသွယ်မရဘူး။ မနေ့က ကားအဆင်းက လူတစ်ယောက်က ဖုန်းဆက်လာတယ်။ ၁၂၅ ကယ်ဆယ်ရေးစခန်းမှာ ရှိနေတယ်တဲ့။ အဲဒါ အဲဒီ ကလေးတွေကို မန္တလေးကို သူတို့ ထုတ်ပေးမယ်တဲ့ တစ်ယောက်ကို ၃ သိန်းပေးရမယ်ဆိုတော့ ကျနော်တို့မှာလည်း အဆင်မပြေ ဘူးဆို‌တော့ အဲဒါကိုတိုင်ပင်မယ်ဆိုပြီး အခုလောလောဆယ် အဆက်အသွယ် မလုပ်ရသေးဘူး။ ခုနက လူ တစ်ယောက်က ဖုန်းဆက်လာတယ်။ အဲဒါ ဦးပို့စ်တင်ထားတဲ့ သမီးနဲ့ မြေးမလေးကို သူတို့က ဖမ်းထားတယ်တဲ့။ အဲဒါ ငွေ ၃ သိန်းလွှဲရင် လွှတ်ပေးမယ်တဲ့။ ငွေ ၃ သိန်းမလွှဲရင် မလွှတ်ပေးဘူးတဲ့။ အဲဒါ ကလေးတွေနဲ့ စကားပေး ပြောဖို့ပြောတော့လည်း သူ မပေးပြောဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် လားရှိုးမြို့ဆီသို့ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်တစ်၊ တန့်ယန်း၊ ကွမ်းလုံ၊ သိန္နီမှ ထွက်ပြေးတိမ်းရှောင်လာသည့် ရာနှင့်ချီသော အရပ်သားများမှာ နေ့စဉ် ရှိနေကာ အများစုသည် လောက်ကိုင်မှဖြစ်ကြောင်း ဒေသခံ ပရဟိတအသင်းအဖွဲ့များထံက သိရသည်။

ပရဟိတအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူက “အများဆုံးကတော့ လောက်ကိုင်က ဆင်းတာများတယ်။ လောက်ကိုင်ကနေဆင်းလာတဲ့သူတွေကို ထမင်းထုပ်တို့ ဘာညာပေါ့နော်။ အကုန်လုံးအဆင်ပြေအောင် ကျနော်တို့ ပရဟိတအသင်းအဖွဲ့တွေ အားလုံး ဆောင်ရွက်ပေးပါတယ်။ လက်ရှိကတော့ သူတို့ ဒုက္ခနည်းနည်း ရောက်တာ ပေါ့။ ဒုက္ခရောက်တယ်ဆိုတာက ကျနော်တို့က ကားသွားကြိုလို့မရဘူး။ သူတို့က ခြေလျင် ပြန်လာကြရတယ်။ အစာရေဆာတော့ နည်းနည်းပါးပါး ပြတ်တယ်ပေါ့။ ဒီရောက်တော့ အားလုံး အဆင်ပြေအောင် စီမံဆောင်ရွက် ပေးပါတယ်။ လောက်ကိုင်ကနေ နောက်ရောက်လာတဲ့အဖွဲ့တွေကိုတော့ မြို့ထဲကို မသွင်းပါဘူး။ စစ်ဘေးရှောင် ထိန်းချုပ်ရေးက မြို့ထဲကို ပေးမသွင်းဘူး။ မြို့ပြင်မှာပဲ အဆင်ပြေအောင် သူတို့လုပ်ပေးထားတယ်” ဟု ပြောသည်။

သို့သော် ထွက်ပြေးလာကြသည့် အရပ်သားများထဲတွင် လားရှိုးမြို့ခံများပါဝင်ပါက မြို့ခံဖြစ်ကြောင်း ထောက်ခံစာ ပြနိုင်လျှင် မြို့ထဲသို့ ဝင်ခွင့်ပေးကြောင်း သိရသည်။

လောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲကြီးကြီးမားမားမဖြစ်သေးသဖြင့် နေရပ်သို့ ပြန်မလာကြသေးသူများလည်း ရှိနေ သေးကာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုကြောင့် ဒုက္ခရောက်နေကြကြောင်းလည်း လောက်ကိုင်မြို့တွင် ကျန်ရှိနေသူတို့၏ မိသားစုဝင်များထံမှ သိရသည်။